မ န အ - သူတို့က ကစားကွင်းထဲမှာ


သူတို့က ကစားကွင်းထဲမှာ
မ န အ
(သစ်ခက်သံလွင်) မေ ၂၇၊ ၂၀၂၄

တောရိုင်းကိုခုတ်ထွင်လို့
သူတို့ဘိုးဘေးဘီဘင်တွေက
အဲ့သည်မှာ  ခြေချခဲ့သလိုမျိုး
ဖုန်းဆိုးတောကို ပြုပြင်လို့
ငါတို့ဘိုးဘေးဘီဘင်တွေက
ဟော့သည်မှာ  ဓားမဦးချခဲ့ကြ ။

ကနဦး ပဝေသဏီ 
သူတို့မြေ ပထဝီမှာ
လိပ်ပြာမဲ့  မိစ္ဆာတွေရှိခဲ့ကြသလိုမျိုးပါပဲ
ငါတို့မြေ ရွာရိုးကိုးပေါက်
ဒေဝေါကြီးတွေ၊မိစ္ဆာတွေက ခြောက်လှန့် ကြီးစိုး ။

ရှေးရိုးစွဲကို ပုန်ကန်တတ်တဲ့ သူတို့က
ခေတ်ကာလ မပြတ်
မိစ္ဆာဆဲလ်ကို အမြစ်ဖြတ်ခဲ့
လွတ်လပ်လှပလေတွေနဲ့
သူတို့မြေကို ပျော်စရာတွေ ဖန်ဆင်း
စနေ၊ တနင်္ဂနွေဆို
သူတို့က ကစားကွင်းထဲမှာ ။ 

အစဥ်အလာကို မလွန်ဆန်တတ်တဲ့ ငါတို့က
နုံ.. အ ... ရွံ့ ကြောက်
မိစ္ဆာဗိုင်းရပ်စ်ပိုးဖောက်လို့
နေပြောက်ထိုး မိုးယိုနေတဲ့ 
အိမ်အိုအိုအမိုးအောက်
တစ်ယောက်ကို တစ်ယောက်ဖေးမရင်း
စနေ၊ တနင်္ဂနွေမသိ
ငါတို့က သတ်ကွင်းထဲမှာ ။         ။

၂၃ မေ ၂၀၂၄

Comments