လတ်မေဂျာ - မျက်ရည်အလံတော်

မျက်ရည်အလံတော်
လတ်မေဂျာ
(သစ်ခက်သံလွင်) မေ ၂၆၊ ၂၀၂၄

ရှေ့တိုးလည်း ဆူး စူးမယ်
နောက်ဆုတ်လည်း ရူးလိမ့်မယ်
ထူးမလားလို့ ဆွဲကွေ့လိုက်တော့
လမ်းပိတ်ထားပါသည် ဆိုင်းဘုတ်နဲ့
တည့်တည့် တိုးတယ်
ဘယ်မှာလဲ အမှန်တရား
တချို့ကိစ္စတွေ ရင်နဲ့မဆံ့တော့ဘူး
တိုးတိုးပဲ ငိုငို
တိတ်တိတ်ပဲ ရှိုက်ရှိုက်
မျက်ရည်ဟာ မျက်ရည်ပါပဲ
အိမ်ဝေးတွေအတွက်တော့
အိမ်လွမ်းညဟာ 
ကမ္ဘာ့အရှည်ဆုံး ပန်းသီကြိုး
ဖြစ်ခဲ့ပေါ့
မြစ်တွေမှ 
ကွေ့ကောက်တာ မဟုတ်
အမှန်တရားလည်း
ကွေ့ကောက်တတ်တာ သိခဲ့ရ
တောင်တွေမှ
မက်စောက်တာ မဟုတ်
ကိုယ်ချင်းစာတရားလည်း
မတ်စောက်တတ်​တာ သိခဲ့ရ
ဒီခေတ်ဆိုးထဲ
ကိုယ့်ကိုကိုယ် ကွေ့ကောက်မရ
မတ်စောက်မရနဲ့
နောက်ဆုံး
လမ်းတွေလိုသာ လဲလျောင်းလိုက်ချင်တော့ရဲ့
ဘယ်ဘဝ ရောက်ရောက်
ကိုယ့်တိုင်း ကိုယ့်ပြည်ကို
အဝေးကလှမ်းငေးရတဲ့
ဘဝမျိုးလောက်
အကျနာမယ် မထင်
ခံနိုင်ရည်မဲ့တဲ့အခါ
ကိုယ့်အရေခွံ ကိုယ်ဆုတ်ပြီး
မိသားစုဆိုတဲ့နာမ်စား ချရေးရတယ်
နာကြည်းမှုဟာ
အလံတော်လို တဖျပ်ဖျပ်လွင့်ခဲ့ပေါ့......

24.5.2024

Comments