ဟီရု - အခု.... စစ်ကြီးထဲမှာ

Image- Moemaka

အခု.... စစ်ကြီးထဲမှာ
ဟီရု
(သစ်ခက်သံလွင်) ဖေဖော်ဝါရီ ၉၊ ၂၀၂၄

အခန်းထဲက
မီးခလုတ်ကို
နှိပ်လိုက်တဲ့အခါ
နံရံပေါ်မှာ
ဂွာရာနီကာရဲ့အရိပ်တွေ
ပေါ်လာတယ်
ငါတို့   ...တွေ
အခု...စစ်ကြီးထဲမှာ....။

‌စက္ကူဖြူပေါ်က
စာသားတွေ
အမှန်တရားမဟုတ်မှန်း
မဟော်ဂနီရောင်လက်လက်ထနေတဲ့
စားပွဲအိုကြီးတွေ
ခန့်မှန်းမိခဲ့မှာပဲ
တေမိ မျက်နှာကြက်တွေ
တေမိ ပန်ကာတွေ
အသက်မဲ့ နေလိုက်တာ
အဲဒီကတည်းက
ငါတို့ .... တွေ
အခု.... စစ်ကြီးထဲမှာ....။

လေထဲက
လာတာပဲ
တသွေး တသံ တမိန့်တွေ
လေထဲက
လာတာပဲ
ညွှန်ကြားချက် အသစ်တွေ
လေထဲက
လာတာပဲ
လူသားချင်း မစာမနာမှုတွေ
လေထဲက
လာတာပဲ
ဒါပေမယ့်
ခလုတ်နှိပ်တဲ့
လက်တွေက
အတုအယောင်တွေမဟုတ်ဘူး
ရက်စက်မှုတွေက
အသွားစေခိုင်းသူရော
လေးပစ်သူရော
အားလုံး လေထဲမှာ
ပျောက်ပျက်သွားမှာ မဟုတ်ဘူး
ပြည်သူတွေဖက်မှာ
ပြည်သူတွေပဲရှိတယ်
ငါတို့.... တွေ
အခု .... စစ်ကြီးထဲမှာ....။

မပြုပြင်နိုင်တဲ့
အမူအကျင့်တွေ
မပြောင်းလဲနိုင်တဲ့
အသံတွေ
အားလုံးဟာ
မြေထူထူထဲ
ဝှက်ထားတဲ့ ဆူးငုတ်တွေနဲ့တူတယ်
ခြေလှမ်းတိုင်းကို
ထိရှနေမှာပဲ
အနံ့သစ်ကိုထိနမ်းဖို့
မျက်နှာသစ်ပါ
ချေးညော်အဟောင်းတွေကို
တိုက်ချွတ်ဆေးကြောပါ
လိုလားတောင့်တမှုတွေရဲ့အောက်
ငါတို့....  တွေ
အခု....  ....  ....  ....  စစ်ကြီးထဲမှာ။

တ‌မြေတည်း နေ
တရေတည်းသောက်
တောင်တွေတောတွေခြားနေတဲ့
တအူတုံဆင်းတွေကြားမှာ
မယုံကြည်မှုတွေကို
အပြစ်မဆိုရက်ဘူး
နှစ်ရှည်လများ
မုသာဝါဒတွေကြောင့်
တယောက်ကို .... ....တယောက်
ဓားတွေ .... ....ဝှက်ထားခဲ့ ကြတယ်
ပန်းတွေ.... ဖြစ်လာတဲ့ နေ့လည်း
ရှိရမှာပေါ့
စည်း လုံး ညီညွတ်မှုဆိုတာ
ငါတို့ .... .... တွေ
အခု.... .... .... စစ်ကြီးထဲ .... ....မှာ။

ပန်းတစ်ပွင့်ရဲ့
ဖြူစင်မှုကို
ရနံ့နဲ့ သက်သေပြရတယ်
လိုအပ် ချက်တွေရှိနေလည်း
ရိုးသားတဲ့ စမ်းချောင်းဟာ
ခရီးဆက်ခဲ့ပါတယ်
ငါတို့ တွေ......
အခု ..... ....စစ်ကြီးထဲ မှာ.....။

မဟာဇနက္ကရဲ့
ပျဉ်ချပ်တွေကိုမှီရင်း
မဏိမေခလာကို မျှော်ရင်း
....  ....  ....  ....  .....  .....
....  ....  ....  ....  .....  .....
ငါတို့ ..... တွေ
အခု..... ..... ..... စစ်ကြီးထဲမှာ .... .....ပါ။

Comments