မနအ - ရက်ငင်

ရက်ငင်
မနအ
(သစ်ခက်သံလွင်) နိုဝင်ဘာ ၆၊ ၂၀၂၃

ကတ်တား နဲ့ ကံ က
ဝါကျတစ်ကြောင်းဖြစ်ဖို့ လုံလောက်ပေမယ့်
တည်ဆောက်ပုံ လှပ အသက်ဝင်ဖို့
နာမဝိသေသနကို  ရက်ငင်လိုက်တာပါ
အဲ့ဒီ နာမဝိသေသန ဟာ
ကဗျာ ။      

" ရေလှိုင်းခတ်သံ
သစ်ရွက်ကြွေသံ
ကျေးငှက်မြည်သံ " ဆိုတာမျိုး 
" အချစ် တစ်ပွဲ
စစ်ပွဲ တစ်ရာ " ဆိုတာမျိုး 
" အမှောင်ဆုံးညတွေ
ဘယ်မှာ ဆုံးမလဲ
မတွေးတတ်တော့ဘူး " ဆိုတာမျိုး 
" ကြယ်တွေ စုံပြီလား
ဗင်းန်ဆင့် နား ကို
ငါ ကြားတယ် " ဆိုတာမျိုး 
အဲ့ဒီ နာမဝိသေသနရဲ့  
တိုးလျ ညင်သာတဲ့ ဟန် က
အခုလို မြောက်ပြန်လေ ဝေ့လို့
နှင်းငွေ့ကို ခေါ်ဆောင်လာတဲ့
အလွမ်းခေါင်တဲ့ ဝါကျတစ်ကုံးမှာ 
နှလုံးသားအစားထိုး ကိရိယာ ။        ။ 

၃ နို ၂၀၂၃

Comments