အောင်​အောင် (တာမွေ) - ငါတို့ရှင်သန်ဖို့လိုတယ်

ငါတို့ရှင်သန်ဖို့လိုတယ်
အောင်​အောင်  (တာမွေ)
(သစ်ခက်သံလွင်) နိုဝင်ဘာ ၂၂၊ ၂၀၂၃

ငါတို့ ရှင်သန်ဖို့လိုတယ်....
ငါတို့ခန္ဓာကိုယ် သက်တမ်းကုန်သည်အထိ....

ငါတို့ရှင်သန်ဖို့လိုတယ်....
အန္တရာယ်တွေအများကြီးကြားကနေ....
လူတစ်ယောက် သေဖို့လွယ်သလို....
ရှင်သန်ဖို့ခက်တဲ့ အခြေနေ....

ငါတို့ရှင်သန်ဖို့လိုတယ်....
လောကကြီးတစ်ခုလုံးကို....
ကင်မရာတစ်လုံးအဖြစ်ရှိနေမှရမယ်....

ငါတို့ရှင်သန်ဖို့လိုတယ်....
ခါးမှန်းသိပေမဲ့ ဝါးစားခဲ့ရတဲ့ ဒဏ်ရာတွေကို....
သိမ်းမှတ်နိုင်ဖို့....
မန်မိုရီစတစ်လို ဦးနှောက်လိုတယ်....

ငါတို့ရှင်သန်ဖို့လိုတယ်....
အမှားတွေကို  ခေါင်းငြိမ့်ခဲ့ရ....
အမှန်တွေအတွက် မပြောနိုင်ရ....
ဗြောင်ကျကျ အငြင်း ဝါကျတွေကို....
ဟားတိုက်မိပါရဲ့....

ငါတို့ရှင်သန်ဖို့လိုတယ်....
ဘယ်လိုအတုအရောင်မှာမှ မကျရှုံးဖို့....

ငါတို့ရှင်သန်ဖို့လိုတယ်....
အစစ်ဆိုပြီး မမှန်တဲ့ အမှားတွေလာမြဲပဲ....
လက်လျှော့လိုက်လို့မရဘူး....
ငါတို့ ဒုက္ခတရားတွေမှာ....
လမ်းတစ်လမ်းတော့ရှိမှာပဲ....
ဘယ်တံခါးမှ မတွန်းဖွင့်ပဲမပွင့်ဘူး....

ငါတို့ရှင်သန်ဖို့လိုတယ်....
တည်ငြိမ်နေတဲ့ ရေပြင်လေး....
ကယက်ထလို့....
တောတောင်တွေမီးခိုးအူလို့....
သစ်ရွက်အသေတွေသိပ်များနေပြီ....
အထက်အမိန့်ရဆိုပြီ....
မိုးကျရွှေကိုတွေ ကောင်းစားကြပေါ့....

ငါတို့ရှင်သန်ဖို့လိုတယ်....
မနစ်မြှုပ်ချင်ဘူးဆို....
ဘယ်လိုဝဲကတော့မှဆွဲချလို့မရဘူး....
အတွေးတွေကို ဘောင်ခတ်မထားနဲ့....
ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပါ....
ပြီးတော့....
မင်းလည်းဆက်ပြီးရှင်သန်ပါ....

၈.၉.၂၀၂၃

Comments