ဘုန်းသု - နေ့စေ့လစေ့နိုင်ငံတော်

နေ့စေ့လစေ့နိုင်ငံတော်
ဘုန်းသု
(သစ်ခက်သံလွင်) နိုဝင်ဘာ ၁၆၊ ၂၀၂၃

ခေတ်ကြီးကကလစ်ခေါက်ရုံနဲ့မပြီးတော့ဘူး။
မဖြစ်ဖြစ်အောင်ဖြစ်ကြတော့မယ့်အခါ
အစစ်အစစ်တွေသာငါတို့အလိုရှိရမယ်။

တရစ်တရစ်နဲ့ စစ်ကြီးကလည်းမပြီးတော့ဘူး။
မျက်ရည်နဲ့မျက်ခွက်
ဒူးပျက်ခြေပျက်လက်ပျက်တွေဟာ ပုံလို့။

မယုံကြည်ရတာများလာတဲ့အခါ
ယုံကြည်မှုဆိုတာကိုက သံသယအဖွေးသားနဲ့
ဖြူစင်မှုဟာ ပက်တီးအထပ်ထပ်နဲ့ ဆေးရုံလူနာ။

နားပြားအောင်အိပ်ရဖို့ဆိုတာလည်း
တောင်တန်းတွေမှာ ကျီးလန့်စားစား
မြို့ပြဟာလည်း သွေးအပျက်ပျက်နဲ့။

ငြိမ်းချမ်းရေးဟာ မိမဆုံးမ ဖမဆုံးမဆိုသူတွေလက်မှာ
အခါခါ ခြေတော်တင်ခံနေရတဲ့ ဥပဒေနဲ့
နိုင်ငံတော့ဟာ အကြွေးကိုယ်လေးလက်ဝန်ဖြစ်ခဲ့ရ။

တကယ်ပါ
အဟုတ်ပါ
အမှန်ပါ
အကြံအဖန်တွေမပါ
နိုင်ငံတော်ခမျာ
မိန်းမပျက်တစ်ယောက်သာသာ။

Comments