စိုးရိမ် - စစ်ပြေးသူရဲ့'လ' ပြည့်ည

စစ်ပြေးသူရဲ့'လ' ပြည့်ည
စိုးရိမ်
(သစ်ခက်သံလွင်) အောက်တိုဘာ ၁၅၊ ၂၀၂၃

'လ' က ပြည့်နေပါတယ်
'ကြယ်'မြင်'လ'မြင်ကောင်းကင်ပြင်ထဲ
'လ' က ပြည့်နေပါတယ်
ဘဝတွေကဟင်းလင်းပွင့်နေတော့
မီးမထွန်းရဲပါဘူး
မီးမပူဇော်ရဲပါဘူး
ကလေးငယ်တွေတောင် အသံမထွက်ရဲပါဘူး
ဒီလိုပိုးကောင်တွေရဲ့ 'စီစီ' သံအောက်
အစာအိမ်ရဲ့ငိုသံက အကျယ်ဆုံးပါပဲ
ဒီကမ္ဘာဟာ ငရဲဘုံလားဆိုတဲ့
မေးခွန်းကို
ဗုဒ္ဓကဘယ်လိုပြန်ဖြေမှာလဲ
မေးခွန်းထဲပိတ်မိနေတော့တယ်။

Comments