ကြံထူး - မျက်နှာဖုံးတွေနဲ့ကမ္ဘာ

မျက်နှာဖုံးတွေနဲ့ကမ္ဘာ
ကြံထူး
(သစ်ခက်သံလွင်) စက်တင်ဘာ ၂၅၊ ၂၀၂၃

စာမျက်နှာပေါ် လှစ်ဟပြသမျှ
တစ်ထစ်ချအမှန်တရားရယ်လို့
ဘယ်ဘုရားက ဟောခဲ့လို့လဲ။

အငိုနှလုံးသားနဲ့ အပြုံးမျက်နှာကို
ကရုဏာသက်ဖို့ လူတွေမေ့လျော့ကြရင်
ဟန်ဆောင်ပြုံးသူဟာ အပြစ်သားပေါ့။

အဇ္ဈတ္တမှာ ညစ်ထေးသမျှ 
မဟားတရား ဖြူစင်ပြတဲ့ 
စကားလုံးတွေရဲ့ ကောင်းကင်မှာ
ဖူးပွင့်သမျှ တိမ်တိုက်တွေကလည်း လှပလို့။

စာရွက်ပေါ်က တန်ဖိုးတွေကိုသာ 
ထိုင်ပြီးရှိခိုးကြကြေးဆိုရင်
မန်ယူဟာ ရှိသမျှ ဖလားအားလုံးရဲ့ 
အရှင်သခင်ဖြစ်နေမယ်ဆိုတာ
စူပါ ကွန်ပျူတာတွေ ဟောကိန်းမထုတ်လည်း 
ကျွန်တော်တို့မြို့က ဆိုက္ကားဆရာတွေ အသိဆုံး။ 

အကျလောကဓံတွေ အထုအထောင်းမှာ
ဝိဉာဉ်ရဲ့ မြို့ပြနံရံတွေ နာကျင်မှာပေါ့
ဗိန္ဓောဆရာက ငိုညည်းခွင့်မပြုတဲ့အခါ
ရင်မကော့နိုင်လည်း 
ကျောကော့ပြုံးရုံမှတစ်ပါး အခြားမရှိလို့
သူတို့ခင်မျာ စပ်ဖျဉ်းဖျဉ်းဆေးတွေသုံးပြီး
ဟန်ဆောင်မျက်နှာဖုံး တပ်ထားရတယ်။

Comments