ဟီရု - ငြိမ်းချမ်း‌ရေးသံစဉ်

Art by Than Htay Maung

ငြိမ်းချမ်း‌ရေးသံစဉ်
ဟီရု
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၉၊ ၂၀၂၃

အဆုံးမသတ်နိုင်သေးတဲ့
အတ္တ နဲ့
စစ်ပန်းချီကားထဲ
ပြည်သူလူထုကို
အာဏာရှင်တွေ
ထိုး ထည့်ခဲ့ကြတယ် ။

‌‌မြေမြုပ်မိုင်းတွေရယ်
ကျည်ခွံတွေရယ်
ရှို့မီးတွေရယ် နဲ့
ကွင်းပြင်ထဲ
စပါး ဘယ်လိုထည့်စိုက်မလဲ။

" ကျုပ်တို့မဟုတ်ရင်
ဘယ်သူလုပ်မှာတုန်း။
အခု မဟုတ်ရင်
ဘယ်တော့လုပ်မှာတုန်း ။"

* မောင်အောင်ပွင့်
         
‌ဆေးထိုးအပ်ကိုင်တဲ့
လက်‌တွေ
မြေဖြူခဲကိုင်တဲ့လက်တွေ
ဘောလ်ပင်ကိုင်တဲ့လက်တွေ
နူးညံ့တဲ့ ဂျန်ဇီတို့ရဲ့လက်တွေဟာ
အမှောင်ထဲက
အတူတူရုန်းထဖို့
မောင်းပြန်ကိုင်ခဲ့ရ။ 

မြစ်ဝှမ်းသား‌‌တွေ‌ရေ
‌တောင်တန်းသားတွေရေ
ရိုးမသား‌တွေရေ
အလည်ခေါင်သား‌တွေရေ
လွတ်လပ်ရေးဆိုတာ
ရယူလိုသူ‌တွေရဲ့လက်ထဲမှာ
ပေးဆပ်လိုသူတွေရဲ့လက်ထဲမှာပါ။ 

မြစ်မရောက်ခင်
လှိုင်းတွေ မကုန်ပါစေနဲ့
မုန်တိုင်းအောက်ရောက်ခဲ့လည်း
လေပြေလေညင်းတွေ
ဘယ်တော့မှ မျိုးတုန်းမသွားဘူးဆိုတာ ယုံ။

လိုအပ်မှုတိုင်းအတွက်
ဖြစ်တည်ဖွဲ့စည်းမှု တခုမကရှိတယ်
မေခ မလိခ  ရေ
ချင်းတွင်း ‌‌ရေ
သံလွင်  ရေ
စစ်တောင်း ရေ
ဧရာဝတီ ‌ရေ
ငဝန် ရေ
သောင်ရင်း ‌ရေ
မြစ်သာ ‌ရေ
အတ္တရံ ‌ရေ
ဇော်ဂျီ ရေ
ဂျိုင်း ရေ
ရွေး  ရေ
ဖျာပုံ ရေ
သက်ကယ်‌သောင် ရေ
ပြန်မ‌လော့ ရေ
ဘိုက‌လေး ‌ရေ
တိုး ‌ရေ
သံဒိ  ရေ
ပြင်စလူ ‌ရေ
ယူး ‌ရေ
ဥရု ‌ရေ
ရွှေကျင် ‌ရေ
 တမြေထဲ နေ
 တရေထဲသောက်
အားလုံး
တန်းတူ ရည်တူ
အတူတူ စီးဆင်းလို့ ရပါတယ် ။

"ဆရာ မသေခင်
တိုင်းပြည်မှာ
တကယ့်ငြိမ်းချမ်း‌ရေးအစစ်ကို
မြင်သွားချင်တယ်"

 *သခင်ကိုယ်‌တော်မှိုင်း

ပီကာဆိုရဲ့
ဂွာရာနီကာထဲကနေ
ငြိမ်းချမ်းရေးချိုးဖြူငှက်‌တွေ
ထ ပျံကြရ‌အောင်

ရောင်နီလမ်းသစ်
ပြည်တွင်းတော်လှန်စစ်ကို
ကျော်ဖြတ်ပြီးတဲ့အခါ
ငါတို့ရဲ့
လွတ်‌မြောက်ခြင်းသီချင်းနဲ့
ငြိမ်းချမ်း‌ရေးညစာဟာ
ငါတို့ရဲ့ရှေ့ကို
ရောက်လာမှာ ။


*** ဆရာ ‌မောင်အောင်ပွင့်ရဲ့ ငြိမ်းချမ်းရေးညစာ ကဗျာခေါင်းစဉ်စာသား နဲ့ ဆရာ မောင်အောင်ပွင့် ရေးဖွဲ့ခဲ့သောစကားလုံးတချို့ကိုလေးစားစွာဖြင့် ယူသုံးထားပါသည်။
ဆရာ ‌မောင်အောင်ပွင့် ငြိမ်းချမ်းပါစေ။
ကောင်းရာသုဂတိရောက်ပါစေ

Comments