ခင်လွန်း - ဒေဝေါကြီး နဲ့ ကြောင်ဝါကလေး

ဒေဝေါကြီး နဲ့ ကြောင်ဝါကလေး
ခင်လွန်း
(သစ်ခက်သံလွင်) စက်တင်ဘာ .... ၂၀၂၃

စာဖတ်နေတဲ့စားပွဲပေါ်ခုန်တက်
မျက်နှာကိုစေ့စေ့ကြည့်ပြီး 
'မြောင်' လို့မြည်ကာ
ကြောင်ဝါကလေးဟာ
ပိတ်ထားတဲ့တံခါးကိုဖွင့်ခိုင်းတယ်
အရှိန်ရနေတဲ့လုပ်လက်စလေး
ပျက်သွားတာ သူမသိရှာ..။

ဟော မပြီးသေးပြန်ဘူး
နွေဦးထဲ ကျူးလာတဲ့မိုးကိုတိတ်ပေးဖို့
မြောင်မြည်သံပေးပြန်တယ်
မိုးကြောင့်
ကြောင်ဝါကလေးဟာ 
ဒီနေ့ တနေ့လုံး အပြင်မထွက်နိုင်ခဲ့ဘူးမဟုတ်လား
ဒါပေမဲ့ ငါ့မှာ မိုးတိတ်ပေးနိုင်တဲ့ဘုန်းကံက မရှိ
ကြောင်ကလေးရေ
ငါကရော ဘယ်သူ့မျက်နှာကိုကြည့်ပြီး
အရှိန်တညီးညီးလောင်မြိုက်နေတဲ့ စစ်မီးတောက်ကြီးငြှိမ်းပေးဖို့
ပူဆာရပါ့
မင်းလေးအတွက် တံခါးကိုဖွင့်ပေးလိုက်တဲ့အခါ
စစ်မီးမွှေးသူခေါင်ချုပ်တွေ ကျဆုံးပါစေလို့
ငါ့ကိုကူပြီး ဆုတောင်းပေးပါလားကြောင်ဝါကလေး

ငါက
မင်းလေး ပိတ်လှောင်မွန်းကြပ်နေတာ
စာနာလေသူ
ဒါပေမဲ့လဲ
မိုးကိုတားပေးတိတ်ပေးဖို့တော့
ဘုန်းကံမရှိလေသူ

' မြောင် ' တဲ့
ကြောင်ဝါကလေးဟာ အပြင်ကိုငေးကြည့်ပြီး အသံပေးလေရဲ့
မိုးကလဲ ရွာမြဲရွာနေရဲ့
ငါတတ်နိုင်တဲ့ တံခါးကိုတော့ ဖွင့်ပေးထားလိုက်ပါပြီကွဲ့ ....။ ။

စက်တင်ဘာ ၁၁၊ ၂၀၂၃
ည- ၀၇: ၀၂ နာရီ

Comments