ကြံထူး - မီးဖိုချောင်နေ့စွဲများ

မီးဖိုချောင်နေ့စွဲများ
ကြံထူး
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၁၊ ၂၀၂၃

ကောင်းကင်ကြီးက
ဆန်အိုးအလွတ်ကို ငုံ့ကြည့်
ဆီပုလင်းအခွံလေးက 
ကောင်းကင်ကြီးကို မော့ကြည့်
လမ်းခုလတ်မှာ အကြည့်ချင်းဆုံတော့
မိုးတွေရွာလိုက်ပုံများ
လုံချည်စတောင် မနိုင်ဘူးတဲ့။

မီးဖိုးချောင်ဟာ 
Environmental friendly နည်းပညာမသုံးပါဘဲ
မီးခိုးထွက်နည်းနည်းလာတယ်
လှီးစရာ ကြက်သွန်နီမရှိ
ထောင်းစရာ ငရုတ်သီးမရှိပေမဲ့
ကောင်းကင်ကြီးရဲ့ မျက်ဝန်းထဲ 
အပူငွေ့တွေလာလာရိုက်ခတ်နေရဲ့
ရာသီခေတ်ကြီးက ဖောက်ပြန်လွန်းတော့
ကောင်းကင်ကြီးခင်ဗျာ
နွေခေါင်ခေါင်မှာ မိုးတွေ ရွာရွာချနေရတယ်။ 

“တံလျှပ်နေ့ရက် လမ်းတွေအလယ်
ဘဝအဓိပ္ပါယ်ရယ်…
စမ်းသပ်လို့ရပါ့မလား” တဲ့
Rocker ကြီးရဲ့ 
“ကောင်းကင်မေမေ” သီချင်း
ရုတ်တရက် ဆိုညည်းလိုက်မိသေးရဲ့။
-
* Environmental friendly နည်းပညာ= သဘာပတ်ဝန်းကျင် အထောက်အကူပြု နည်းပညာ
* Rocker = ရောခ် ဂီတအဆိုတော်

Comments