ဟီရု- သံသရာညွှန်းကိန်းများ

သံသရာညွှန်းကိန်းများ
ဟီရု
(သစ်ခက်သံလွင်) ဩဂုတ် ၂၃၊ ၂၀၂၃

ဘဝ မှာ
တောက်ပတဲ့
သီချင်းချည်းပဲ
ရလိမ့်မယ်လို့
ယုံကြည်မနေပါနဲ့ ။

ကြုံရာ
အဘိဓာန်အတိုင်း
ရလာတဲ့
ခေတ်ဆစ်ကိုပဲ
အဓိပ္ပါယ်ဖွင့်ဖို့လိုတယ်။

ဆုပ်ကိုင်ထားတဲ့
အရာဝတ္တုမှန်သမျှ
အမျိုးမျိုး
ကျကွဲနိုင်တာပဲ။

ဒဏ်ခံကြိုးတွေအပေါ်
တက်‌နင်းနေတဲ့
အဆိုးတွေလည်း
သံသရာအရ
တနေ့နေ့
ပြိုကွဲပျက်စီးရဦးမှာ။

ပေးဆပ်မှုတိုင်းအတွက်
လမ်းတွေဟာ
တနေ့ပြန်လာမှာ
အဲဒါက
ရင်းနှီးမှုတခုဆို
လက်ရှိ
ငါ့သီချင်းတွေ
ပြန်လာမယ့်
တနေ့နေ့ကို
ငါမျှော်နေမယ်။



Comments