နေမင်းသ - အဖြတ်အတောက်ခံနေ့ရက်များ


အဖြတ်အတောက်ခံနေ့ရက်များ
နေမင်းသ
(သစ်ခက်သံလွင်) ဇူလိုင် ၈၊ ၂၀၂၃

မိုးလေဝသက  မုန်တိုင်းထဲကမထသေးတော့
ငါတို့အခန်း
မီးနဲ့တောက်ထားရတယ်
စိုထိုင်းစပြင်းရှ တောတွင်းဥပဒေမှိုတက်မူတွေ
ဆောင်ပုဒ်တစ်သောင်းနဲ့ 
လေဖြတ်နေတဲ့ လေထဲက တောင်ပံတခြမ်းသေတွေ
ပင့်ကူအိမ်ထက် ဟောင်းလောင်းချိတ် မျက်လုံးခေါင်းဖြတ်တွေ
ဇာတ်ဆန်တဲ့သေခြင်းတွေနဲ့ ကခုန်လို့
ကောလဟာလအငွေ့တွေကလည်း ခန်းလုံးအနှံ့မိူင်းထ
လိုအင်တွေအေးခဲနေတဲ့ မုဆိုးရာသီထဲမှာ
အခန်းဟာ
သူ့ကိုယ်ငွေလေးသူ ထ ထ စမ်းနေရတယ်
ဒီလိုနဲ့  မီးနဲ့တောက်နေရတဲ့ယဥ်ကျေးမူ
ငါတို့ထွန်းညှိရမယ့် ငါတို့အလင်းဖြစ်ခဲ့ရပေါ့ ။

၇  ဇူလိုင်  ၂၃

Comments