မနအ - သတင်းတွေ ခင်ဗျား နားထောင်ဖြစ်ရဲ့လား

သတင်းတွေ ခင်ဗျား နားထောင်ဖြစ်ရဲ့လား 
မနအ
(သစ်ခက်သံလွင်) ဇွန် ၁၀၊ ၂၀၂၃

နိစ္စဓူဝ ဆိုသလို
သောကကို ကျောပိုးထားရတဲ့သူပါ တဲ့
ကျောနာတဲ့အခါ ခေါင်းပေါ်ရွက်
ခေါင်းမျက်တဲ့အခါ ခါးထစ်ခွင်ချီ နဲ့
သောကရင်ပြင်နီထဲမှာ
ရိုးအီနေတဲ့ ဘရိတ်ခ်ကင်းနယူး
အပ်ဒိတ်နယူး၊ လိတ်တက်နယူး
ထူးပြီး ချဥ်ခြင်းမပြေပျောက်နိုင်တော့
သတင်းနောက်ကို မလိုက်နိုင်ပါဘူးဗျာ တဲ့ ။
ဒါနဲ့ ကျနော်က
နှစ်ကိုယ်ကြား စကားတခွန်း သူ့ကိုပြောတယ် ။
ကျနော့်စကားအဆုံးမှာ
သူက မချိပြုံး ပြုံးလိုက်တယ် ။
ကျနော့်မှာ
အကြားချင်ဆုံးသတင်းတစ်ပုဒ် ရှိတယ် ။    ။  

၆ ဇွန် ၂၀၂၃

Comments