ငဇ - ဝင်လာခဲ့ငါ့ညီ

ဝင်လာခဲ့ငါ့ညီ
ငဇ
(သစ်ခက်သံလွင်) ဇွန် ၅၊ ၂၀၂၃

ဒီကောင် ဟာသပြောရင် မရယ်ရဘူး
ဒါပေမယ့် ငါရယ်ပေးရတယ်
ဒီကောင်ပြောတဲ့ မက်ဆီ
မားဆိုးလို ငါမခံစားရဘူး
ဒါပေမယ့် ငါခံစားပေးရတယ်
တခါ တခါ
ကော်ဖီထိုင်သောက်ရင်း
ဒီကောင် ထ ထ ဆိုတဲ့ ရပ်ပ်သီချင်းလည်း
နားရည်ဝရတာပဲ
ငါသိပြီးသား အကြောင်းအရာလည်း
စိတ်ဝင်စားပြရတာပဲ
ဒီကောင့် အယူအဆတွေ
ဒီကောင့် ဒဿနတွေ
တံခါးဖွင့်ထားရတာပဲ
ငါ့ညီဟာ ငါ့သားပဲ
ငါ့ညီကို ငါချစ်တယ်လေ
ဘယ်တော့မှ
ရင်ဝကို ဆောင့်မကန်ခဲ့ဘူး
တဆိတ်လောက်
ခင်ဗျားဟာ အစ်ကိုတယောက်ဆို
ဆက်ဖတ်သွားပါဦး
ဒါဟာ မေတ္တာကဗျာပါ
ချစ်ခြင်းမေတ္တာမှာ
ကိုယ့်ဆီ အရှိန်နဲ့ မောင်းလာတဲ့
ရထားကို
ဘယ်ဘူတာမှာ ရပ်မလဲလို့
သံလမ်းဟာ ဖိနပ်လို လိုက်တာပဲ။

2 June 2023

Comments