အောင်ကောင်းမြစ် - မိုးမှောင်ကျတဲ့နေ့တွေ

မိုးမှောင်ကျတဲ့နေ့တွေ
အောင်ကောင်းမြစ်
(သစ်ခက်သံလွင်) ဇွန် ၁၇၊ ၂၀၂၃

ဘယ်မာလူစီလာက ပြောတယ်
အောင်ပွဲမရရင် နေပါစေ
ရန်သူနဲ့တော့ ပေါင်းမစားနဲ့တဲ့
သိပ်ကြိုက်တဲ့စကားပဲ လူစီလာ
ဒီလမ်းကို ရွေးချယ်မိရင်
ဒီစကားကို ရွှေချထားရမှာပဲ လူစီလာ
ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူးတယ်
ရှင်ငယ့်ဝမ်းလည်း ဝင်ခဲ့ဖူးတယ်
နဖူးက အမာရွတ်တွေ
နောက်ကျောက ဒဏ်ရာတွေကို
အေအိုင်နဲ့ ပုံထုတ်လိုက်ရင် ဘာရုပ်ထွက်မလဲ
သွေးဆုတ်နေတဲ့ လူမမာလို
ဘဝဟာ ဖြူဖတ်ဖြူရော်ပဲ ဖြစ်မှာပေါ့
နှလုံးသားတခုသာ ရဲရဲနီနေမယ်
ငါ့အိပ်မက်ကလည်း ငလျင်လှုပ်နေမယ်
ငါ့ပင်လယ်ကလည်း မီးတောင်ပေါက်နေမယ်
ငါ့ လိ ပ် ပြာ က ငါ့ ရိ က္ခာ ပါ ပဲ
ငါထမ်းပိုးထားတဲ့ ဖွဲတဆုပ်နဲ့
ငါ့ဒုက္ခကို ငါလှော်ခတ်နေတာတောင်
မိုးဦးကျဖားတွေက အော်လွန်းတယ်
မြွေတွန်သံတွေကလည်း မြည်လွန်းတယ်
ဒါ့ကြောင့် ဖာတလုံးခေါင်းကျားက
'အို အသင်လောက' လို့
တိုင်တည်သွားတာ။

16.6.2023
Fri: 8:28 pm

Comments