ခင်လွန်း - လပြည့်နေ့သီလ

လပြည့်နေ့သီလ 
ခင်လွန်း
(သစ်ခက်သံလွင်) ဇွန် ၁၅၊ ၂၀၂၃

သူက ဆယ်နာရီ သုံးဆယ်ငါးမှာ
အွန်လိုင်းကနေ ရှစ်ပါးသီလတည်တယ်
ဘုန်းတော်ကြီးကျောင်းက ခုလိုမိုးများတဲ့နေ့ဆို
သီတာခုနှစ်တန်ကျော်ရသလိုမျိုး ခရီးဝေးလွန်းလှ
ကိုယ်က မနက်စောစောစာတိုက်ပုံးထဲထည့်သွားတဲ့
စာကိုယူပြီးဖောက်ဖတ်တယ်
သိချင်တာသိပြီးသွားတော့
စာအိတ်ပေါ်လွတ်နေတဲ့ကွက်လပ်လေးပေါ် မှင်ချောင်းနဲ့ခြစ်လိုက်တယ်
ရုပ်ပုံတပုံ ထွက်လာတယ်
ခါတိုင်းလို ဒီစာအိတ်ခွံကို
အမှိုက်ခြင်းထဲမထည့်ရက်တော့ဘူး ။ ။

Comments