မိုးမြင့်ယံ - မြစ်တစင်း ရဲ့ အိပ်မက်

မြစ်တစင်း ရဲ့ အိပ်မက် 
မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဇွန် ၁၃၊ ၂၀၂၃

တိမ်စိုင်တွေရဲ့ လေးပင်မှုမျိုးပါပဲ
မှိုင်းညှို့မှုထဲမှာ လူလုံးမကွဲသေးတဲ့ ဘဝတွေ
ဒုက္ခရဲ့ ရေဆူမှတ်တွေကသာ
သည်းသည်းထန်ထန် မြင့်တက်ခဲ့ရ
ရှည်လျားကွေ့ကောက်လွန်းသော လမ်းမတွေထက်
တဖြုတ်ဖြုတ် ပဲ့ကြွေကျခဲ့ရသော
ပြက္ခဒိန်အဟောင်းထဲက နေ့စွဲအသေများ
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ စေလိုရာစေ
ကိုယ့်ကို ကိုယ် မိုးရေစက်တွေအဖြစ်ဖန်ဆင်း
မြစ်တစင်း ရဲ့ အန္တိမ အလှတရား
ပင်လယ်ဆီသို့သာ မရပ်မနား
ဒုန်းစိုင်း စီးဝင်လိုက်မိတော့တယ် .......။

12 . June . 2023

Comments