ခင်လွန်း - ကိုယ်ပိုင်ပင်လယ်

ကိုယ်ပိုင်ပင်လယ်
ခင်လွန်း
(သစ်ခက်သံလွင်) ဇွန် ၃၊ ၂၀၂၃

မိုးနတ်မင်းကစိတ်ကစားသေးတဲ့အရွယ်
အကျီစားသန်ပုံများ
မြို့ကြီးဟာ ကိုယ်ဖော့ခြင်းအတတ်ကိုလွှတ်ချပြီး
သက်ကယ်ဘောမှာ ဖက် တွယ် ထားရ
လောကအပေါ် ခပ်ကြမ်းကြမ်း
ရှပ်တိုက်ပြေးလာတဲ့လေမင်းသားဟာ
ရေပြင်ကိုအပေါ်စီးကြည့်တောင်ကုန်းမြင့်ပေါ်
မြင်သမျှတိုက်ချသွား
အန်စာတုံးလေးပစ်ချလိုက်သလိုအပြုခံမြို့ကြီးဟာ
ရေတွင်းပျက်ထဲကျနေတဲ့မြေကြွက်ဝဝကြီးလို
ကြောက်အားလန့်အား ယက်ကန် တွင်းနံရံကိုတွယ်တက်နေရ

စိမ်းမြမြဖိတ်ထ ရေလှိုင်းပြာတွေနဲ့ ပင်လယ်ဟာ လှတယ်
ရွှေရောင်ဆံပင်နဲ့ ဘီကနီဝတ် ပေါင်တံရှည်
ကမ်းခြေတွေဟာ လှတယ်
လှိုင်းလုံးတွေအကြား ရေလွှာစကိတ် စွန့်စားသမားဟာ လှတယ်
ဇိမ်ခံနိုင်ငံငယ်တခုပမာ လိုတရ ဖြည့်ဆည်းထားတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေဟာ ခမ်းနား လှပတယ်
မိုးကုပ်စက်ဝန်းထဲပေါလောမျောလွင့်နေတဲ့ ဝါဂွမ်းဆိုင်တိမ်သားများဟာ ပေါ့ပါးလှပတယ်
အကယ်၍များ
ပြောင်းလဲဖောက်ပြန်ခြင်းများမရှိတဲ့ပင်လယ်ရှိခဲ့ရင်
ရေထဲမျောပါနေတဲ့ ရေသန့်ဗူးလေးကို လိုက်ဆယ်နေတဲ့ကောင်လေးဟာ ကိုယ်ပိုင်ဝယ်သိမ်းဖို့ စိတ်ကူးလေးကူးထားသတဲ့….

၁၂:၅၅
၃:၂:၂၃ 

Comments