နေမင်းသ - ငါတို့က ဘယ်သူတွေလဲ

ငါတို့က ဘယ်သူတွေလဲ
နေမင်းသ
(သစ်ခက်သံလွင်) မေ ၄၊ ၂၀၂၃

တောမီးလောင်နေတာ ဖြတ်တောက်ဖို့
တဖက်မှာ မီးပြန်ရှို့ရတာရှိတယ်
ဒါကို မီးဖြတ်လမ်းလို့ ခေါ်သတဲ့
တခါတခါ ဒီလိုပဲ
တဖက်က မီးငြိမ်းဖို့
မီးလှန်ရှို့ရတာရှိတယ်
မီးလျှံတွေနဲ့ သစ်ရွက်တွေကြား
ယဉ်ကျေးမှုကိုသိရှိရတာလဲ ရှိရဲ့
ရန်သူဟာ ရန်သူပဲ
မပြတ်သားရင်..... သေ
တော်လှန်ရေးက
ငါတို့ကို မ တွေ အောင်
အဲ့သလိုသင်ကြားပေးတယ်
သွေးနဲ့စတေးခဲ့ရတဲ့သမိုင်း
သွေးနဲ့ဆေးကြောရုံမှတပါး ဘာရှိဦးမတဲ့လဲ
စစ်ပွဲဆိုတာ အခါခပ်သိမ်း
အကျိုးမများတာမျိုးမှ မဟုတ်တာ
ဒါဟာ အနေကန်သဘော
ဒါဟာ ငါတို့အတွက် လွတ်လပ်လမ်းဖြစ်တယ်
နိစ္စဓူဝ အခြိမ်းခြောက်ခံဘဝနဲ့
အသက်ရှင်နေရတာထက်
လုံခြုံမှု လိုအင်အတွက်
တော်လှန်ရင်း အသက်ရှူရတာ ပိုလှပါတယ် ၊
မနှစ်သက်တဲ့စနစ်က
နှစ်သက်တဲ့စနစ်ကို ပြောင်းတာ
မကြိုက်တဲ့အခြေအနေက
ကြိုက်တဲ့အခြေအနေကိုပြောင်းတာ
ဒါဟာ
ရုန်းထွက်လွတ်မြောက်ရဲ့
အနက်အဓိပ္ပာယ်ပဲမဟုတ်လား ၊
ဒီအခြေနေရောက်မှ
ငြိမ်းချမ်းရေးစကား လာမပြောနဲ့
မိုးလေဝသမှာ
ကောင်းကင်ကြီးပြာတာ
သိပ်လှမှန်း ငါတို့သိသပေါ့ ၊
ပြည်သူလူထုက
ဘယ်မတရား အဓမ္မမှုမျိုးမဆို
လက်နက်စွဲကိုင် တိုက်ခိုက်ပိုင်ခွင့်ရှိတယ် ၊
ဒါ့ကြောင့်
မတရားမှုအတွက် တော်လှန်တာမှန်ရင်
ဘာလုပ်လုပ် တရားတယ် 
ဒါဟာ
ငါတို့ရဲ့တရား
ဓားလဲဖြစ်တယ်
အကျပ်အတည်းမှ လွတ်မြောက်စေ
အနာဂတ် လှပပါစေ
ရှင်လျက်သေ ပြည်သူတွေ
ဂုဏ်သိက္ခာရှိစွာ
ကိုယ့်အခွင့်ကိုယ် ရကြစေ
ဘာပါစေ ညာပါစေ အောင်ပါစေဆိုတာတွေဟာ
အပြောနဲ့မရ
အပြ လက်တွေ့တရားနဲ့သာ ရတယ်
ပြန်လည်ရှင်ပြန်ထမြောက်ခြင်းဆိုတာ
လိုအပ်တဲ့အခါတိုင်း
မနက်ဖြန်ကို သတင်းပို့
မျိုးဆက်တို့အတွက် အသက်ဆက်ရဲခြင်းရဲ့အနက်ပဲမဟုတ်လား ၊
ဖိနှိပ်ချုပ်ချယ်မှု မတရားမှုမှန်သမျှ
ဘာအတွက်မှ ဦးညွှတ်စရာမလို
ငါတို့လွတ်လပ်ခွင့် ငါတို့ပိုင်တယ်
ငါတို့အခွင့်အာဏာ
ငါတို့ထံသာ နေရာမှန်ဖြစ်တယ် ၊
ဖယ်ရှားတယ်
ထပ်ဆင့်တန်ပြန် ဖယ်ရှားတယ်
အခြေနေတခုမှ
အခြားအခြေနေတခုသို့
ဒီနည်းနဲ့ လောကဟာ တိုးတက်ရှင်သန်ခဲ့တာ
ငါတို့ဟာလဲ ဒီတရားနဲ့ ရှင်သန်ရဲရမပေါ့
ဒါဟာ အမှန်တရား
သမိုင်းရှိတယ်
တရားမျှတ လွတ်လပ်ခြင်းနဲ့ သွေ ရင်
လူမှုဘဝ သေမှာပဲ
လူ့ဂုဏ်သိက္ခာမဲ့တဲ့လမ်း
တစက်လေးမှ အကဲမစမ်းနဲ့
သွေးမရဲရင် ဘေးဖယ်သာ နေလိုက်
ရန်သူဆိုရန်သူ မိတ်ဆွေဆိုမိတ်ဆွေပေါ့
ရန်ငါစည်းမပြတ်ရင်
ငါတို့တော်လှန်ရေး ဇက်ပြတ်သွားမယ်
အားနဲ့စွာရပ်တည်ရင်
ဘယ်မှာ အညွန့်တက်မတဲ့လဲ
တွေ့ဘူးလား တောအုပ်ကြီးကို
မြင်ဘူးရဲ့လား သစ်တပင်ချင်းကို
တော်လှန်သတိ အမြဲရှိမှ ဖြစ်မယ်
ခေတ်ကြီးကမှောင်
ရာဇဝင်သမိုင်းကရိုင်း
ဒီတော့လဲ ငါတို့မှာ စွဲကိုင်စရာ ဆိုလို့
တောင်းယူလို့မရ တိုက်ယူရုံပဲ ရှိတော့မပေါ့
ငါတို့မျှော်လင့်ချက် ငါတို့ရယူချင်ရင်
ငါတို့တော်လှန်ရေး ငါတို့ယုံကြည်မှဖြစ်မယ်
သွေးနဲ့ထွင်းတဲ့ကောင်းကင်
သွေးနဲ့အက္ခရာတင်ရမှာပေါ့ ၊
ဒါမှ တရားမယ်
တွေမနေနဲ့ ဝေမနေနဲ့
ဒါဟာ တိုက်ပွဲ
တော်လှန်ရဲမှ ။ ။


Comments