ပိတောက်နက်
မမသီရိ
(သစ်ခက်သံလွင်) ဧပြီ ၁၃၊ ၂၀၂၃
မတရားမှုကို ရိုးရိုးကလေးသိတယ်၊
တရားမှုကိုလဲ ရိုးရိုးကလေးသိတယ်၊
ဒါ့ကြောင့် တရားတဲ့ဖက်မှာ ရိုးရိုးကလေးရပ်ခဲ့တယ်။
လေယာဥ်ရန်လဲ သိတယ် ရိုးရိုးကလေး၊
ကျည်ဆံကိုလဲ သိတယ် ရိုးရိုးကလေး၊
ဒါပေမဲ့ တရားတဲ့ဖက်မှာပဲ ရိုးရိုးကလေး ရပ်ခဲ့တယ်။
အနန့်ပါ ကန့်ဘလူ
ထန်တလန် မင်းတပ်
ပေါက် မြိုင် ဂန့်ဂေါ ဆော
ကျောက်ကြီး ရွှေကျင် ညောင်လေးပင်
တောင်ငူ ကျောက်မဲ မိုးဗြဲ ဖယ်ခုံ
နောင်ချို ဘောလခဲ
ဖားဆောင်း လွိုင်ကော်
ဒီမောဆို ကော့ကရိတ်
မြဝတီ ဖာပွန် ကြာအင်းဆိပ်ကြီး
ရွှေကူ အရာတော်
ယင်းမာပင် ပုလဲ
ဘုတလင် ကသာ ဒီပဲယင်း
ထီးချိုင့် ဗန်းမောက်
တမူး ကလေး ရွှေဘို
ကလေးဝ စစ်ကိုင်း
တိုင်း အနှံ့ နယ်အနှံ့
ရောင်းရန်မဟုတ် တဲ့ အသက်တွေ
ချိုလိုက်တဲ့ စျေး
ဗန္ဓုကမ္ဗလာ မြကျောက်ဖျာ ပေါ်
ထိုင်ဖော်မရ တော့တဲ့ သိကြားမင်း
ဒီ တနှစ် လူ့ပြည် ဆင်းအုံးမှာလား မေးချင်
တစပြင် ပြည်မြန်မာမယ် တော့
အပြစ်မဲ့သွေးတွေ အလိမ်းလိမ်း ဒီသကြန်မှာ
အနက်ရောင်ပိတောက်တွေသာ ပွင့်လို့ရယ်။
၁၂ ဧပြီ ၂၀၂၃
Comments
Post a Comment