မြစ်
ငြိမ်းပြေ
(သစ်ခက်သံလွင်) ဧပြီ ၂၊ ၂၀၂၃
မြစ် မှာလဲ မြစ်အကြောင်းနဲ့မြစ်
ကွေ့တာ ကောက်တာ ရှိမှာပေါ့
ဒါပေမယ့်
အမှိုက်ကစလို့ အညစ်အကြေးအထိ
မြစ် ဟာ မညည်းညူခဲ့ဘူး ၊
ဥသြငှက်ရဲ့ အသံဟာ
အလွမ်းပါလို့ အတတ်မပြောနိုင်သလိုမျိုး
နှစ်လိုလွန်းလို့ သယ်ဆောင်ခဲ့တာလို့
မြစ်ကို တထစ်ချ ပြောလို့မရပြန်ဘူး ၊
တဘက်မှာသောင်ထွန်းဖို့အတွက်
တဘက်က ကမ်းပါးတွေ ပြိုပေးရတဲ့အခါ
လက်ညှိုးတွေက မြစ် ဆီမှာ ...၊
ပင်လယ်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ဖို့
တိုက်စားသင့်တာ တိုက်စား
ပို့ချသင့်တာ ပို့ချရင်း
လမ်းကြောင်း မလွဲခဲ့တဲ့ မြစ် ဟာ
စိတ်စောတာတခုကလွဲရင် အပြစ်ကို မဆိုရက်ဘူး
ဘယ်မှ မရောက်ခဲ့ရင်တောင်
ပင်လယ်ဆီရောက်တဲ့အထိ
မြစ် ဟာ မြစ် ပီသခဲ့ပါတယ် ။
၁၆ ၃ ၂၀၂၃
Comments
Post a Comment