ငြိမ်နေတဲ့မြို့
ခက်စိမ်း
(သစ်ခက်သံလွင်) ဇန်နဝါရီ ၂၈
ယုံကြည်မှုဆိုတာ
ငါတို့ဖြစ်နေတဲ့ ဂယက်ပဲ
ဒီဝဲထဲ
တယောက်ပြီးတယောက်
ပျောက်ပျက်ကြ
မရှိသင့်တဲ့အရာတွေက မလုပ်သင့်တာလုပ်ကြ
မပုပ်မသိုးတဲ့
အဆိပ်တွေ မကြာမကြာလောင်းချ
အရှက်တွေကို လုယူခံလိုက်ရတဲ့ ကျိန်စာမှာ
မတရားမှုတွေဟာ ရဲရင့်စွာဖူးပွင့်ခဲ့ကြ
ဒီမြို့ကြီးလည်း
ရောင်နေတာတော်တော်ကြာခဲ့ပြီ
အတွင်းသားတွေကလဲ ပုပ်ပွရိရွဲလို့
နိုင်ငံကို ကျည်ထိုးမိတော့
ခေါင်းထဲတည့်တည့် နှလုံသားထဲ တည့်တည့်။
ဝမ်းနည်းစရာကောင်းတာ
တဘက်က
အလွမ်းပေါ်မှာ လမ်းတွေ၊
လမ်းတွေပေါ်မှာ
ဦးနှောက် အသတ်ခံခဲ့ရတဲ့
အသေကောင်တွေ သွားလာနေ
တဘက်မှာ
တခြားသူတွေရဲ့ချစ်ရသူအားလုံး
ကြည့်ရတာ
မျှော်လင့်ချက် တခုခု ရနေသလိုလို။
-
Comments
Post a Comment