ငြိမ်းပြေ - ရေဒီယိုလေးရဲ့ ပဲ့တင်သံ

Design- POS

ရေဒီယိုလေးရဲ့ ပဲ့တင်သံ
ငြိမ်းပြေ
(သစ်ခက်သံလွင်) ဇန်နဝါရီ  ၂၅၊ ၂၀၂၆


ရေဒီယိုလို့ ကြားလိုက်မိတာနဲ့ သီချင်းတွေကို အရင်ဆုံး ပြေးမြင်ယောင်မိတဲ့ကျနော်ဟာ ဘဝမှာ ရေဒီယိုလေး တလုံးပိုင်ဆိုင်ဖို့ စိတ်ကူးယဥ်ခဲ့ဘူးသူတယောက်ပါ။ မပိုင်ဆိုင်တာတွေပဲ များပြားလှတဲ့ကမ္ဘာကြီးထဲမှာ ရေဒီယိုသေးသေးလေးတလုံးလောက် ပိုင်ဆိုင်ချင်ခဲ့တဲ့ကျနော့အတ္တဟာ ဝန်ထုပ်တခုလို လေးလံခဲ့လေသလားလို့ မတွေးတတ်ပေမယ့် ပိုင်ရမယ်လို့ တထစ်ချ စိတ်ကူးရှိခဲ့ဖူးပါတယ်။ တရစပ်ကူး‌ခတ်နေရတဲ့ လောကဓံလှိုင်းတွေကြားမှာ ရေဒီယိုအိပ်မက်ဟာ လက်တွေ့ဆီကို ကူးပြောင်းမလာပဲ  မြင်သာရုံ မလှမ်းမကမ်းဆီလောက်မှာသာ အမြဲရှိနေတတ်ခဲ့ရပါတယ်။ အခုတွေ့နေရတဲ့ ရေဒီယိုလေးအကြောင်းကတော့ ဆရာအေးမင်းစောရေးသားခဲ့တဲ့ ရေဒီယိုလေးရဲ့ဇာတ်လမ်း ဆိုတဲ့ကဗျာလေးကဆင့် စိတ်ကူးပုံဖော် ရေးမိတာတွေပဲ ဖြစ်ပါတယ်။ ရေဒီယိုလေးတလုံး ပိုင်ခွင့်ရလိုက်ပီလို့လဲ မှတ်ယူလိုက်မိပါတယ်။ ကျနော်ရေဒီယိုလေးကို အကဲဖြတ်ကြည့်ပေးပါ ။
   
         ၁။ ဒီနေ့ခေတ်လို နည်းပညာ ပေါများနေတဲ့ကာလကြီးထဲမှာ ရေဒီယို နားထောင်တယ်လို့ ပြောမိရင် လူတွေက အထူးအဆန်းအနေနဲ့ ကြည့်ကြမှာပဲ ။ ရေဒီယိုလေးတလုံးထဲကနေ ရတတ်သမျှ အတိတ်ရဲ့ အရိပ်ငွေ့ငွေ့ကိုဖမ်းဆုပ်နိုင်တဲ့အရသာကို သူတို့ကောင်းကောင်း သဘောမပေါက်ကြလို့ အဲသည်လို ကြည့်ကြတာ နေမှာပေါ့ ။ ခေတ်က စဉ်ဆက်မပြတ် အသစ်အသစ်တွေ ပေါ်ထွက်နေတဲ့ခေတ်ဆိုတော့ သိပ်မြန်မြန်ဆန်ဆန် မရှိလှတဲ့ ရေဒီယိုလေးကို သူတို့သဘောမကျတာ မဆန်းဘူးလို့လဲ တဘက်က တွေးမိပါရဲ့ ။ ရေဒီယိုနားထောင်တိုင်းလဲ မဖြစ်မ‌နေ ပြေးပြေးသတိရမိတဲ့ကဗျာလေးတပုဒ်လဲအသင့်ရှိနေခဲ့ပါရဲ့။ ရေဒီယိုဆိုတာမြန်ဆန်ဖို့မလိုအပ်ပဲ အချက်အလက်တချို့ပါဝင်တဲ့ အရာဝတ္ထုလို့ပြောမိရင် အဲဒီကဗျာလေးက ပြုံးပြီး ပြန်ကြည့်နေဦးမှာလားမသိဘူး။ ဆရာမြပြောသွားခဲ့ဘူးသလိုပေါ့ တခုကနေ နောက်တခုကို ပြောင်းလဲဖို့ အမြဲလေးလံ နှေးကွေးတတ်တဲ့ အကျင့်လဲ ပါကောင်းပါမှာပေါ့ ။

         ၂။ စိတ်ကူးနဲ့မှန်းဆကြည့်တဲ့အခါ ရေဒီယိုတလုံးဟာ ကန့်သတ်ဘောင်ထဲမှာ နေနေရတဲ့သူတယောက်အတွက် တော်တော်လေး ကောင်းမွန်တဲ့အဖော် ဖြစ်ခဲ့ပုံရမှာပါ။ ဒီရေဒီယိုလေးက တဆင့် ရေစိမ့်ထွက်အား လျော့ လျော့လာတဲ့ မန်းသောင်ပြင် လက်ယက်တွင်းလေးတွေကနေ ဘိုဟီးမီးယန်းတောအုပ်တွေ အရင်လောက် ထူထူထဲထဲမရှိတော့တာအထိ၊ အာဖရိက စိန်တူးနေကြတဲ့စိန်မိုင်းတွင်း‌တွေထဲမှာ ရလိုစိတ်နဲ့ သတ်ဖြတ်နေမှုတွေကနေ ကရာချိရဲ့ ညစ်ပေရေနေတဲ့ လူနေမှုစနစ်တွေအထိ၊ နယူးဒေလီရဲ့ ရှုပ်ထွေးပွေလိမ်လှတဲ့ နောက်ဖေးလမ်းကြားတွေကနေ အပေါ စားမိတ်ကပ်နံ့တွေ တလှိုင်လှိုင်သင်းတဲ့ အယုဒ္ဓယတိုင်းရဲ့ ပက်ပုန်းလမ်းမကြီးအထိ အတူတူ သွားခဲ့ဘူးတယ်ထင်ပါရဲ့။ အေးမြလှတဲ့ ရေကြည်တပေါက်က စလို့ ညစ်တီးညစ်ပတ်နဲ့မိတ်ကပ်နံ၊ လိင် ရမ္မက်နံ့တွေရလာတဲ့အထိ စိတ်မှာ ငြိတွယ်လာလေရဲ့ ။

*တနေ့မှာပေါ့ 
  ရေဒီယိုလေးနဲ့ ကျွန်တော် ရန်ဖြစ်ခဲ့ကြတယ်။
  .
  .
  .

  ဗော်လ်ကန် ကော့ကေးဆပ်နဲ့ အာဖရိကဦးချိုကနေ
  ကရာချိရဲ့ ကော်ဇောစက်ရုံ
  ဒေလီရဲ့ နောက်ဖေးလမ်းကြားနဲ့
  နှုတ်ခမ်းနီထူထူဆိုးတတ်တဲ့
  ဘန်ကောက်ရဲ့ လမ်းမများအထိ *

         ၃။ အပြောအဆိုကအစ အေးချမ်းငြိမ်သက်ခဲ့သူလို့ သိထားမိသူတယောက်က ရေဒီယိုလေးနဲ့ ရန်ဖြစ်ကြတယ်ဆိုတဲ့အခါ ကျနော့်မှာမယုံနိုင်အောင် ဖြစ်ရတယ်။ စိတ်ဟာ မသက်သာတာတွေ ခံစားရဖန်များလာတဲ့အခါ ကြွတ်ဆတ်မာကြောလာတတ်တယ် ထင်ပါရဲ့။ နောက်ဆုတ်ပေးစရာမရှိတဲ့ကမ်းပါးက မင်းထိုးချင်သလောက် ထိုးလာစမ်းလို့ ရေစူးကို ခံမပြောရုံတမယ်လိုမျိုးများလား၊ အခြေနေအရပ်ရပ်ရဲ့အားမလိုအားမရခြင်းတွေရဲ့ကိုယ်စား ဘာမှနှုတ်လှန်မထိုးတတ်တဲ့ ရေဒီယိုလေး အပေါ်ကို နိုင့်ထက်စီးနင်းသဘောမျိုး ရန်ဖြစ် ဖွင့်ထုတ်ခဲ့လေသလားဆိုတာကို ကျနော်မဝေခွဲတတ်ခဲ့ပါဘူး။

         ၄။ တိုးတိုး*ဆိုတဲ့ ကာလကြီးမှာ အစစ အရာရာ တိုးတိုးတိတ်တိတ်ဆိုတာထက် ပိုမိုတိုးတိတ်စွာ သင်ယူခဲ့ကြရတဲ့ ခေတ်တွေထဲမှာ ဘာဆို ဘာမှတောင်းဆိုချက်မများပြားတဲ့ ရေဒီယိုလေးတလုံးက ကမ္ဘာကြီးပတ်ခြာလည်ကို အတူတကွ ပျံသန်းကြည့်ဖို့ လုံလောက်တဲ့အကြောင်းတရားတခုလို့ပဲ တွေးမိပါတယ်။ ပြန်တွေးကြည့်မိတဲ့အခါ ကိုယ်မသိနိုင်တဲ့နေရာတခုခုကနေ စောင့်နားထောင်နေမယ့် နားတွေကြောင့်လို့ မသိုးမသန့်စိတ်တွေက ခုထိပေါ်နေတုန်းပဲ။ နံရံတိုင်းမှာ နားတွေရှိခဲ့တဲ့ ခေတ်တွေမို့လား။ နေခဲ့ ထိုင်ခဲ့ရတာတွေက ခုထက်ထိမပေါ့ပါးခဲ့လိုက်ပုံများ ဟားတိုက်လို့ ရယ်မိချင်စရာ၊ နာကျဉ်လွန်းလို့ ရယ်နေမိတဲ့အခါ သိပ်ပျော်လွန်းလို့ လို့ မထင်ပါနဲ့ညီလေးရာဆိုတဲ့ အကိုတယောက်ကို ပြေးပြေး အမှတ်ရမိတော့တာ ၊ မချိလို့သွားဖြဲတာ ရယ်တယ်မမှတ်နဲ့ဆိုတဲ့ အဖိုးပြောလို့ ကြားဘူးမှတ်ဘူးတဲ့ စကားပုံလဲ အမှတ်ရမိပါရဲ့ ။

         ၅။ တရက်မှာ ခိုင်ထူးရဲ့ တချို့တွေ နေနိုင်လွန်းတယ်ဆိုတဲ့ သီချင်းကြားမိတော့မှ ဂျွန်လဲန်နွန်ရဲ့ အသံပြတ်တောက်သွားတဲ့သီချင်းအကြောင်းကို သွားပြီးဆက်စပ်မိတော့တာ။ ဆိုင်မဆိုင် သေချာမပြောတတ်ပေမယ့် အဲဒီခေတ်က ကမ္ဘာမကျေပြီးရင် ဆိုခဲ့မိကြတဲ့ ဒုတိယနိုင်ငံတော်သီချင်းပေါ့ညီလေး၊ ဂစ်တာဝိုင်းတဝိုင်းမှာ အဲဒီသီချင်း မဆိုပဲနဲ့ ဝိုင်းသိမ်းတယ်ရယ်လို့ မရှိဘူးလို့ ပြောခဲ့ဘူးတဲ့ စကားတခွန်းကြောင့်ပဲ ဆိုကြပါစို့။ မကြာမကြာ ကြားဘူးနေတဲ့ လင်းခြင်းတောက်ပမှုဆိုတာအထိ မဟုတ်တောင်မှ တော်တော်များများ လင်းပွင့်သွားသလို ခံစားလိုက်ရတာ။ တချို့အရာတွေက မနေနိုင်သင့်ကြဘူး၊ မနေနိုင်သင့်ခဲ့ဘူး၊ မနေစိမ့်သင့်ခဲ့ဘူးမဟုတ်လား ။ ငါးတွေက မဟသင့်နဲ့နေရာမှာ သူတို့ပါးစပ်တွေ ဟမိလို့ အသက်သေကြရတာတဲ့ ၊ ကျနော်တို့ ဘဝတွေ သေခဲ့ကြရတာကရော ဟသင့်တာ မဟခဲ့မိလို့များလား။ ထားလိုက်ပါတော့  သူ့အကြောင်းတရားနဲ့သူမိုလို့ ဒါတွေ ဆက်မပြောချင်တော့ပါဘူး ။

*အဲဒီနေ့က
  ဂျွန်လဲန်နွန်" ရဲ့'စိတ်ကူး'သီချင်းနားထောင်နေတုန်း
  အသံ ပြတ်တောက်သွားတဲ့အကြောင်းပါ။ *

         ၆။ ဆိုတော့ ဆောင်းလေအေးအေးက မြောက်ဘက်ကနေတိုက်လာတဲ့အချိန် လျောကျနေတဲ့ စောင်ကိုလဲ လုံအောင်ဆွဲစေ့နေချိန်မှာ ရေဒီယိုလေးထဲက ဆောင်းကတ္တီပါသီချင်းများ လာနေမလားပဲ။ တိမ်ယံအတွင်းက နှင်းကျသည် ၊ အာကာတိုင်းကမှိုင်းလို့ရီ၊ ဟေမာန်ခါမီ အထူးပဲချမ်းတော့သည်ဆိုတဲ့ စာသားလေးတွေဟာ ကဗျာလေးလို နူးနူးညံ့ညံ့နဲ့ ကျနော်တော့ သဘောအကျကြီးကျမိတာ အမှန်ပဲ။ ဆောင်းရာသီဟာ တခြားရာသီတွေထက် အမှတ်ရစရာ ပိုများတဲ့ကျနော့အဖို့တော့ ဆောင်းသီချင်းတွေဟာ ပိုလို့လွမ်းမောဖွယ်ရာများ ဖြစ်နေသလား မသိပါဘူး ။ သရက်က ကဗျာဆရာကတော့ နှင်းရေ နှင်းရေနဲ့ ကဗျာတွေ ရေးနေလိုက်တာဆိုတာ ခုထိကို ရပ်မရချင်သေးဘူးထင်ပါရဲ့ ။ အကို့ရဲ့ ဆောင်းသီချင်းကရော ဘယ်သီချင်းများ ဖြစ်မလဲလို့လဲ သိချင်လိုက်တာ ။ အေးတဲ့ရာသီနဲ့ ကျနော်တို့ ခန္တာကိုယ်တည်ဆောက်ပုံနဲ့ ဘယ်လိုမှ အဆင်ပြေပြေ မဖြစ်လိုက်ပုံများ ပြောပြရရင် တထောင့်တညမက ရှည်လျားမလား မပြောတတ်ပါဘူး ။ အဲတော့ စာသိမ်းကြရအောင်ကဗျာကလေးရေ လို့ပဲ ဖတ်မိ အမှတ်ရမိနေတဲ့ ကဗျာလေးကိုပဲ တိုင်တည်ပြီး ပြောပါရစေတော့ ၊ တိမ်စိုင်တွေကြားကပဲ နှင်းတွေ ကျနေဆဲလား ၊ ကဗျာဆရာကရော နှင်းရေလို့ ဆက်အော် ခေါ်နေဦးမှာလား၊ ရေဒီယိုလေးနဲ့ အတူတူ ကဗျာထဲကလို ခရီးတွေဆက်သွားနေဦးမှာလား ၊ ကျနော်မတွေးတတ်ပါဘူး၊ သေချာတာတော့ အပြောင်းအလဲ သိပ်မမြန်ဆန်နိုင်တဲ့သူတယောက်ဟာ ကျနော်ပါ။ ကဗျာတွေကို ချစ်သလို ကဗျာလှလှလေးတွေ ဖတ်ရတဲ့အခါ သဘောအခါခါ ကျနေတတ်သူပါ။ ရေဒီယိုလေးရဲ့ဇာတ်လမ်းလိုကဗျာတွေ အများကြီးဆက်ရေးနိုင်ပါစေ ၊ ဆက်လဲ ဖတ်ခွင့်ရပါရစေဗျ ၊ ချမ်းမြေ့ကြပါစေ ။

*ပြထားသောစာသားတွေက ဆရာအေးမင်းစောရဲ့ ရေဒီယိုလေးရဲ့ဇာတ်လမ်း ကဗျာ ၁၉၉၇ ခုနှစ် ဇွန်လ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း အတွဲ ၁၃ အမှတ် ၆ မှာ ဖော်ပြခံခဲ့ရတဲ့ကဗျာက စာသားများဖြစ်ပါတယ်ဗျ ။

ချစ်သော
ငြိမ်းပြေ
12122025 



Comments