ငြိမ်းပြေ - စိတ်ထရော်မာများ ၂

စိတ်ထရော်မာများ ၂
ငြိမ်းပြေ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၃၀၊ ၂၀၂၂
တတွတ်တွတ်ပြောနေတာက
အိမ် တန်းပြန်နော်ဆိုတဲ့ လေသံဝဲဝဲ...
စတီးဇလုံကို လက်တဘက်ကကိုင်
လွယ်အိတ်ကို စလွယ်သိုင်းလို့
အထိတ်တလန့် ပြေးထွက်လာကြတဲ့
ကလေးလေးတွေ....
ဒီပြကွက်မှာ
ငယ်ငယ်က တအံ့တသြ
လက်ညှိုးထိုးရင်း ပြေးရင်း မော့ကြည့်ခဲ့ဘူးတဲ့
လေယာဥ်ရဲ့အသံဟာ
သွေးပျက်စရာ နောက်ခံတေးသွားပေါ့ ၊

နေခြည်မှာ ကျည်ရည်လောင်းခံရတဲ့
နှလုံးသားနုနုလေးတွေက
ပြေးနိုင်မှ လွတ်မှာ.....ဆိုတာကို
သင်မပေးပဲ တတ်သွားကြတာကလွဲရင်
ပြန်စရာ အိမ်မရှိ
စားစရာ အစာရေစာ ရှားပါး
သေရာပါမယ့် စိတ်အနာတရတွေနဲ့
မပြည့်မစုံ ကြီးပြင်းကြရ
အိမ်ရှိနေသေးရင်တောင် အိမ်မှာမနေကြရနဲ့
လူအဖြစ်ရဲ့ ဒုက္ခတွေကို
ဘယ်လောက်တောင်မှ ရွံရှာစက်ဆုပ်နေလိမ့်မလဲ
ဒါကို
ကမ္ဘာကြီးကရော
ဝေးလွန်းလို့ မမြင်နိုင်ကြဘူးလား ။
-
20 December 2022
21:07
 

Comments