ငြိမ်းပြေ - တံခါးပိတ်ထားရတဲ့ နေ့ရက်တွေ

တံခါးပိတ်ထားရတဲ့ နေ့ရက်တွေ
ငြိမ်းပြေ
(သစ်ခက်သံလွင်) နိုဝင်ဘာ ၁၊ ၂၀၂၂

ခင်ဗျားကို သတိရကြောင်းရေးမယ်ကြံတာပါ
ဒါပေမယ့်‌
တံခါးပိတ်ခံရတဲ့ နေ့ရက်တွေကို တွေးမိတဲ့အခါ
သတိရစိတ်ဟာ
နေအလာမှာ ပျောက်တဲ့နှင်းပဲ။

ခပ်ဝေးဝေးက ဂစ်တာသံကြားမိတဲ့အခါ
လရောင်ဖွေးဖွေးအောက်က
ထနောင်းနံ့သင်းတဲ့ညတွေနဲ့
ဘုရားလှတံတိုင်းကြီးကို မြင်ယောင်မိတယ်
အချိန်ရလို့ အခြေနေပေးရင်
ကမ္ဘာမကြေဘူး ဆိုရအောင်ဗျာ။

သီတင်းကျွတ် လူကြီးသူမတွေ
ကန်တော့ကြတော့
ကြွေသွားတဲ့ ကြယ်တွေကို တမ်းတမိ
အိမ်ပြန်မလာနိုင်တဲ့သူတွေကိုလဲ လွမ်းမိသလိုရှိ နဲ့
မသက်မသာ ရှိလိုက်ရတာ
ဝါလ က ရော တကယ်ကင်းလွတ်ပြီလား။

ခင်ဗျားဟာ ပုံစံခွက်ထဲက တိမ်ဆိုရင်
ငွေ့ရည်မဖွဲ့နိုင်တဲ့တိမ်ဟာ ကျန်တဲ့သူတွေပေါ့
မရွာချနိုင်တဲ့
မထွေးနိုင်မအန်နိုင်ဘဝကြီးကိုလဲ ရှက်မိပါရဲ့  ။

တခါတခါ
မြို့လေးအကြောင်း ပြောပြချင်မိပေမယ့်
ကန့်သတ်ခံထားရတဲ့ စိတ်တွေ လူတွေကို အားနာလို့
တံခါး ထ ပိတ်ထားလိုက်တယ်
အနည်းဆုံးတော့
နာကျင်စရာသတင်းတွေ
နောက်ထပ် ဝင်မလာနိုင်အောင်ပေါ့။

Comments