မောင်သစ်ကြည် - သူကလည်း သူ့ရက်စက်မှုနဲ့သူ ငါကလည်း ငါ့ချစ်ရမ္မက်နဲ့ငါ

သူကလည်း သူ့ရက်စက်မှုနဲ့သူ
ငါကလည်း ငါ့ချစ်ရမ္မက်နဲ့ငါ
မောင်သစ်ကြည်
(သစ်ခက်သံလွင်) အောက်တိုဘာ ၉၊ ၂၀၂၂

မြစ်လယ်ခေါင်တည့်တည့်မှာပဲ
မီးလောင်နေတဲ့အိမ်တွေလို
ပြာဖြစ်သွားတဲ့မျက်ရည်များ
လက်နက်ကြီးသံ မိုးခြိမ်းသံနဲ့မှားတဲ့အရပ်မှာ
စစ်ဘေးရှောင်ဆိုတာ အပြစ်မဲ့တဲ့သိုးဖြူတွေပါ
နာဇီတံဆိပ်နဲ့ရဟတ်ယာဉ်တွေ
ပုစဉ်းတွေလို ပျံသန်းလာတယ်
ဝံပုလွေကသွေးတွေကို လျှာနဲ့လျက်လိုက်တယ်
သူမရဲ့ရင်ဘတ်က ဖိုလှိုက်ဖိုလှိုက်
လေမတိုက်ဘဲကြွေကျနေတဲ့သစ်ရွက်စိမ်းတွေ
ငါတို့ဆက်ဆံခဲ့သော လိင်မှုကိစ္စများ
ခြေတဖက်ပြတ်သွားတဲ့ မိသားစုဘဝလေး
လက်တဖက်တည်းနဲ့ ဆုပ်ကိုင်ထားရင်း။   ။

၇ အောက်တိုဘာ ၂၀၂၂

မှတ်ချက် = ကဗျာခေါင်းစဉ် အောင်ခင်မြင့်ရဲ့စာသား
-

Comments