ဟာသပဲ
ငဇ
(သစ်ခက်သံလွင်) ဩဂုတ် ၃၁၊ ၂၀၂၂
ဆီကိုရေချိုး
ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ...တဲ့
ဟာသတခုပါပဲ
ရွာပစ် လယ်ပစ်
အသက်ကလေး လက်ထဲ ကျစ်
ဘယ်မှာစပါးလဲ
ဟာသပဲ
ဒုက္ခဗရပွနဲ့
ငိုစရာမျက်ရည် မရှိ
ဘယ်မှာလဲ ဆီ
လူဆီပဲ ရှိတယ် မီးပုံထဲမှာ
ဟာသပဲ
စပါးစိုက်တဲ့လက်တွေ
ထမင်းငတ်နေတာထက်
ဘယ်မှာ ဟာသရှိတော့လို့လဲ
ငိုရတယ်...ဟာသပဲ
အိုးခွက်ပန်းကန်လေးတွေ
ရွာထဲဝင်ယူတာ ရခဲ့တယ်
ည ည
ဝိညာဉ်တွေ မီးခိုးတအူအူ
ကိုယ့်အသက်ကိုယ် အိုးထဲထည့်
ညှော်နံ့တွေ ချောက်လှန့်လို့
ပျော်ရွှင် ထမင်းစားပွဲတွေ
လိပ်ပြာလုံလွန်းလှချည်ရဲ့
ငိုရတယ်...ဟာသပဲ။
24.August.2022

Comments
Post a Comment