တိုးတိုး - ထက်ထက်

ထက်ထက်
တိုးတိုး
(သစ်ခက်သံလွင်) ဩဂုတ် ၁၆၊ ၂၀၂၂

ကိုယ်တွေရဲ့ မြို့လေးမှာ စိတ်ကျန်းမာရေးချို့ယွင်းနေတဲ့ အမျိုးသမီးတယောက်ရှိတယ်... သူမကိုလူတွေက ' ထက်ထက်' လို့ခေါ်သလို 'ပေါ်တာ' လို့လဲ ခေါ်တယ်... ဒါ သူမနာမည်အရင်းတော့ဟုတ်ပုံမရဘူး... သူမနာမည်အရင်းက ဘယ်သူလဲတော့မသိဘူး...
သူမ အသက်က ဘယ်လောက်ဖြစ်မလဲမခန့်မှန်းတတ်ပေမယ့် သိပ်တော့မကြီးသေးသလိုအရွယ်ကောင်းအမျိုးသမီးလေးပါ... 
သူမက သူမကို ထက်ထက်လို့ခေါ်ရင်တော့ ပြုံးပြုံးလေးနဲ့သဘောတွေကျနေတတ်ပြီး ပေါ်တာလို့ခေါ်ရင်တော့ တလမ်းလုံးကြားအောင် ဆဲနည်းပေါင်းစုံနဲ့ အော်ဆဲတော့တာပဲ..
တချို့လူငယ်လေးတွေ ကလေးတွေက သူမကို တမင်သက်သက် ပေါ်တာရေ လို့ အော်ပြီး စ ကြတယ်... အဲဒီအခါမျိုးမှာ သူမအရမ်းစိတ်ဆိုးပြီး စိတ်မချမ်းသာစရာ အဆဲပေါင်းစုံနဲ့ အော်ဆဲနေတဲ့အခါ ဘေးကကြားရတဲ့ ကိုယ်တွေမှာ အနေရခက်မိပါရဲ့...
ဒါပေမယ့် သူမဟာ တခြား စိတ်မကျန်းမာသူတွေလို တယောက်ထဲစကားတွေ ပြောချင်ရာ ပြောနေတတ်တာမျိုးလဲမဟုတ်ဘူး.. 
သူမကို မစမနောက်ပဲ ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့သူမျိုးတွေကိုဆို မျက်နှာချိုချိုလေးနဲ့ နှုတ်ဆက်တတ်တယ်...
'မမ စားပြီးပြီလား'.. 'ကိုကိုနေကောင်းလား' ဆိုတဲ့ ပီယဝါစာချစ်ဖွယ်စကားလေးတွေကို ဆိုတတ်တယ်..
သူမဟာ စိတ်မကျန်းမာပေမယ့် ဘာသာတရားကိုလဲ သိတတ်ပြန်တယ်...
တခါတလေတော့ မနက်ခင်းညနေခင်းတွေမှာ ဘယ်ကရလာမှန်းမသိတဲ့ပန်းတွေတပွေ့တပိုက်ကြီးနဲ့ ကိုယ်တွေနားက စေတီလေးကိုလာဦးခိုက်နေတတ်ပြီး လမ်းလျှောက်သွားရင်း ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ လို့ အကျယ်ကြီး အော်ရွတ်နေတတ်ပြန်တယ်.. 
အဲလိုအော်ရွတ်နေရင်းက 'ပေါ်တာရေ' လို့ ခေါ်သံကြားလိုက်တာနဲ့ မိုးမွှန်အောင် ဆဲပြန်ရော..
အဲလိုသူမဆဲဆိုနေရင် ကိုယ်တွေမှာ စိတ်မချမ်းသာဘူး၊ သူမ မကြိုက်တဲ့နာမည်ကိုမှ တမင်သက်သက်ခေါ်တဲ့ကလေးတွေကိုငြိုငြင်မိတယ်... စိတ်မကျန်းမာသူတယောက်ကို မစ မနောက်သင့်ဘူး လို့ တွေးမိလို့ပါ...
တကယ်တော့ သူမဟာ စိတ်မကျန်းမာပေမယ့် ပင်ကိုယ်စိတ်က နူးညံ့သူတယောက် ဖြစ်ပုံပါ...

သူမဗိုက်ဆာတဲ့အခါ မမ ညီမလေး ဗိုက်ဆာလို့ဆိုပြီး ကလေးလေးတယောက်လို ချွဲနွဲ့ဟန်လေးနဲ့ပြောတတ်တာဟာလဲ ဂရုဏာသက်စရာ တကယ်ကောင်းလှတယ်...သူမရဲ့ အဲလိုဟန် ပန်အပြောအဆိုလေးတွေကြောင့်ပဲ သူမကို ကျွေးချင်ပေးချင်သူတွေက မရှားလှဘူး... ဘယ်သူမဆို အဝတ်ဟောင်း အသုံးအဆောင်ပစ္စည်းဟောင်းလေးတွေကို ထက်ထက်လာရင် ပေးဖို့ ဆိုပြီးသိမ်းထားတတ်ကြတယ်... 
သူမဟာ စိတ်မကျန်းမာပေမယ့် မိန်းမပီပီ အလှအပလည်း ကြိုက်ရှာတယ်... သူများတွေ ပေး ကမ်းထားတဲ့ ဂါဝန်နဲ့ ဦးထုပ် လှလှနဲ့ နေကာမျက်မှန်နဲ့ လန်းဆန်းတက်ကြွစွာ လျှောက်သွားနေတတ်တာလဲ အမြဲတွေ့ရတယ်... အဝတ်အစားကလည်း ပေါပုံပါပဲ...
သူမက သူမဗိုက်ဆာတဲ့အခါ ကိုယ်တွေဆီကိုပိုက်ဆံလာတောင်းတတ်ပေမယ့် ပိုပေးရင်လဲ အများကြီးမယူဘူး... မမ ဒါပဲယူမယ်ဆိုပြီး သူလိုသလောက်ပဲ ယူတယ်... သူ့မှာရှိရင်လဲ ပေးချင်ကျွေးချင်စိတ်ရှိပြန်တယ်... အိမ်က ကလေးတွေကို အရုပ်လေး မုန့်လေး လာပေးတာမျိုးတွေလဲ ကြုံဖူးတယ်...
အိမ်မှာ အလုပ်လာလုပ်ကြတဲ့ကောင်လေးတွေကို ကိုကိုရော့ ဆိုပြီး ဘယ်ကရလာမှန်းမသိတဲ့ စီးကရက်တွေလဲ လာပေးဖူးတယ်...
အိမ်က သမီးကြီး ၇ တန်းနှစ်လောက်မှာ သမီးကြီးသူငယ်ချင်းတွေ စုပြီး အိမ်မှာ စာသင်ဝိုင်းလုပ်တော့ ကိုယ့်အိမ်မှာက ကလေးတွေ တရုန်းရုန်းပေါ့...
သမီးရဲ့သူငယ်ချင်းတွေထဲမှာ အစအနောက်အလွန်သန်ပြီး ပျော်တတ်ဘရုတ်ကျတတ်တဲ့ ကောင်လေးတယောက်ပါတယ်... 
သူ့မိဘကလဲ ကိုယ်နဲ့ခင်နေတာမို့ အိမ်မှာစာသင်တဲ့အခါ နှစ်တိုင်းတဖွဲ့ထဲ အတူဆိုပါတော့... 
သူက ဘယ်လောက်တောင် ဘရုတ်ကျလဲဆိုရင် သူငယ်ချင်းမိန်းကလေးတွေကို တယောက်ပြီးတယောက် အမြဲစနောက်နေတတ်တယ်.. 
တခါကဆို ဆရာမ မလာခင် သီချင်းဆိုနေတာ ကိုယ်ကအိမ်အောက်ကနေ အကုန်ကြားနေရတယ်...
သူက သူငယ်ချင်းမတွေရဲ့ နာမည်ကို အပြည့်အစုံထည့်ဆိုတာ....။
သမီးကြီးအလှည့်ကျတော့ သူက သမီးကြီးနာမည်ကို ထည့်ဆိုတယ်...
" ကောင်ကလေး ကောင်ကလေး.. -------ကို ယူမလား... --------ကို ယူမလား...
နေပါစေ အကိုကြီး -------ကို ယူရင်တော့ မျက်မှန်ဖိုးနဲ့ မွဲလိမ့်မယ်... မျက်မှန်ဖိုးနဲ့ မွဲလိမ့်မယ်.. "
သမီးကြီးက နှစ်တန်းကတည်းက မျက်မှန်တပ်ရသူပါ... 
သူက သမီးကြီးတယောက်ထဲကိုပဲ စနောက်နေတာ မဟုတ်ဘူး... မိန်းကလေးသူငယ်ချင်းအကုန်လုံးကို စနောက်တတ်တာ... အလှကြိုက်တဲ့သူငယ်ချင်းမ မုန့်အမြဲစားတဲ့သူငယ်ချင်းမ အကုန်လုံးကို အလွတ်မပေးတတ်ဘူး...
သူအဲလိုဆိုလို့လဲ ကိုယ်တွေမှာ စိတ်မဆိုးနိုင်ပါဘူး... သူ့အကြောင်းကို သိနေတာကိုး...
ဟဲ့ သားရယ်.. အန်တီကိုလဲ အားနာစမ်းပါအုံးလို့ ကိုယ်က လှမ်းပြောတော့ ကန်တော့ အန်တီ ကန်တော့ ဆိုပြီး စပ်ဖြဲဖြဲနဲ့ လက်အုပ်လေးချီလို့......။
အဲလို ဖြူစင်ပြီး ပျော်တတ်တဲ့ကလေးပါ..။
သူ့အကြောင်းထည့်ပြောတာက အဲလိုအစအနောက်သန်တဲ့ အဲဒီကလေးက ထက်ထက်ကို 'ပေါ်တာ' လို့ စ လိုက်တာကို ပြောပြချင်လို့ပါ...
တရက်မှာ အဲဒီကလေး အိမ်ကိုစာသင်ဖို့ လာရင်း လမ်းမှာထက်ထက်ကိုမြင်တော့ ပေါ်တာလို့ စ လိုက်တဲ့အခါ ထက်ထက်က စိတ်ဆိုးပြီး လက်ထဲမှာပါတဲ့ တုတ်တချောင်းနဲ့ ဆဲဆိုရင်း လိုက်ရိုက်ပါလေရော... ။ ဟိုကလေးကလည်း အိမ်ထဲဝင်မလာပဲ စ ရင်းနဲ့  လမ်းကိုပတ်ပြေးတာ... ကလေးက ရှေ့ကပြေး ထက်ထက်က နောက်ကလိုက်... နှစ်ပတ် သုံးပတ်လောက်ပတ်ပြီးတော့ ကလေးက စာသင်ဖို့ အိမ်ထဲ ပြေးဝင်လာတယ်... ထက်ထက်ကတော့ နောက်မှာပါမလာတော့ဘူး... ။ တော်တော်လေးကြာတော့မှ ထက်ထက်အိမ်ရှေ့ကို ရောက်လာတယ်... ။ ကိုယ့်ကိုတွေ့တော့ ပြုံးရယ်ပြပြီး "ဟိုမောင်လေးကို သူ့အမေနဲ့ သွားတိုင်လိုက်တယ်.. " လို့ ပြောတယ်...။
အဲဒီကလေးမိဘတွေက ဈေးနားမှာ ဆိုင်ဖွင့်ထားတာမို့ အဲဒီဆိုင်ကမှန်းလဲ သူမက သိနေပုံပဲ...
သူမဟာ အဲလိုလဲ ပတ်ဝန်းကျင်လေ့လာမှုရှိပါတယ်...။

ထက်ထက်ဟာ စိတ်မကျန်းမာပေမယ့် စိတ်ထားဘယ်လောက်တောင် နူးညံ့လဲဆိုတာ တခါတော့ သမီးကြီး ကြုံခဲ့ရတာလေးက သက်သေပါ..။
သမီးကြီး တက္ကသိုလ်တက်တဲ့အချိန် ကျောင်းဆင်းအပြန် လမ်းမှာ သူတို့သူငယ်ချင်းတွေနဲ့ အသုတ်ဆိုင်တဆိုင်မှာ အသုတ်ဝင်စားနေကြတုန်း ထက်ထက်ရောက်လာပြီး အသုတ်မှာစားတယ်.. သမီးကြီးကို ငယ်ငယ်ထဲက သိနေတော့ သူမက နှုတ်ဆက်ရှာတယ်.. သမီးကြီးကလဲ ပြန်နှုတ်ဆက်တယ်... 
စားသောက်ပြီးတဲ့အခါ သမီးကြီးက ထက်ထက်အတွက်အသုတ်ဖိုးကိုပါ ယူဖို့ ဆိုင်ရှင်ကို ပြောတော့ ထက်ထက်က ...
"မယူပါနဲ့.. သူတို့တွေက အများကြီးစားထားတာ.. ပိုက်ဆံတွေအများကြီး ကုန်မှာ.. ညီမလေး သနားပါတယ် " လို့ ဆိုင်ရှင်ကို ပြောရှာတယ် တဲ့...။
သမီးကြီးက စိတ်မကောင်းဖြစ်ပြီး " သမီးမှာ ပိုက်ဆံရှိပါတယ်... ထက်ထက်ကို သမီးကျွေးချင်လို့ပါ" လို့ ပြောပြီး ပိုက်ဆံရှင်းခဲ့ရတယ်...။

သူမ ဟာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ အမျိုးသမီးပီပီ အရပ်တကာလှည့်ပတ်သွားနေတတ်တာမို့ နေရာတကာမှာ တွေ့နိုင်တယ်... တခါတရံ မြို့ကဘူတာရုံရှေ့ ပလက်ဖောင်းမှာ လမ်း လျှောက်နေတတ်ပြီး တခါတရံ ညဈေးကမုန်ဆိုင်တွေနား တဝဲလည်လည်... ။
လမ်းတကာလှည့်သွားနေသူလေးမို့ ဘဝကတော့ လုံခြုံမှုမရှိရှာဘူး...။
အဲလိုလျှောက်သွားနေရင်းနဲ့ သူမဟာ လူစိတ်ကင်းမဲ့တဲ့သူတချို့ရဲ့ ခြေတော်တင်ခြင်းခံရပြီး ကိုယ်ဝန်ဆောင်ခဲ့ရတာလည်း ဘယ်နှစ်ကြိမ်လဲတော့ မသိပါဘူး...။
အသိဆိုက်ကားဆရာတယောက်ရဲ့ ပြောပြချက်အရတော့ ထက်ထက် ကိုယ်ဝန်ရှိရင် သူတို့ဆိုက်ကားဂိတ်ကသူတွေ ဒဏ်ငွေဆောင်ရတယ် လို့ ပြောပြဖူးတယ်...။
ဒါဟာ စိတ်မကျန်းမာသူတယောက်အတွက် ဖြေရှင်းနည်းလား... အဲဒီ ကောက်ခံလို့ရတဲ့ ငွေကိုရော ထက်ထက်ရသလား... စိတ်ရူးသွပ်ပေါ့သွမ်းနေတဲ့ အမျိုးသမီးလေးတယောက်ဘဝက တဏှာစိတ်ပြင်းပြတဲ့ ယောက်ျားတချို့ရဲ့ အသုံးတော်ခံ ဖြစ်နေရတာ ရင်နာစရာလဲ ကောင်းလှပါတယ်...။
ပါးစပ်ရာဇဝင်အရ သူမက အတန်းပညာ ကိုးတန်းထိပညာသင်ဘူးတာ... ကလေးတယောက်မွေးခဲ့ဘူးတာ ကြားဖူးခဲ့ပေမယ့် ဟုတ်မဟုတ်လဲ သေချာမသိပါဘူး...။
ထက်ထက်ဟာ ဘယ်အရပ်ဇာတိက မိဘဆွေမျိုးတွေက ဘယ်သူဆိုတာ ဘယ်သူမှ သိကြပုံလဲ မပေါ်ပါဘူး..။

အခု နောက်ပိုင်းမှာတော့ သူမကို အရင်လို သိပ်မတွေ့ရတော့ဘူး..။ ကိုယ်တွေဘက်ကို မလာတော့သလောက်ပါပဲ... ကိုယ်တိုင်ကအပြင်ထွက်ခဲတဲ့သူမို့ မတွေ့တာလဲ ဖြစ်မယ်ထင်ပါတယ်.. 
တခါတော့ အပြင်ထွက်ရင်းနဲ့ သူမကို လှမ်းတွေ့လိုက်တဲ့အခါ သူ့မျက်နှာတွေဟာ ဖောယောင်နေပြီး အတော်လေးကျန်းမာပုံမရပါဘူး.. အဝေးကလှမ်းမြင်လိုက်ရပေမယ့် အသားတွေဝါနေတာကို သိသိသာသာ တွေ့ရတယ်... အရင်လို လန်းဆန်းတက်ကြွတဲ့ ဟန်တွေလဲ မရှိပါဘူး. ဒီပုံစံမျိုးနဲ့ ထက်ထက်ဟာ အသက်ရှည်ပါတော့မလား... လူ့လောကကြီးမှာ နေခွင့်မှ ရပါတော့မလား... အဲဒီအတွေးတွေ တွေးမိတော့ စိတ်မကောင်းဖြစ်ရတယ်... သူမ နောက်ထပ်ကိုယ်ဝန်ရှိတာကိုလဲ သတင်းကြားလိုက်ရပါသေးတယ်.. ကလေးကအဖတ်မတင်ရှာဘူး ထင်ပါရဲ့...
ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲကာလမှာ ထက်ထက် ဘယ်များရောက်နေပါလိမ့် လို့ တခါတခါ သတိရမိပေမယ့် အမြဲတမ်းတော့ မေ့မေ့ပျောက်ပျောက်ပါပဲ...။

သန်သန်မာမာလူကောင်းတွေတောင် မရှောင်လွဲလိုက်နိုင်ပဲ တဖြုတ်ဖြုတ်ကြွေခဲ့ရတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ ထက်ထက်တယောက်ရော လွတ်ပါ့မလား လို့ သတိရမိခဲ့သေးတယ်...
ထက်ထက်ကို မတွေ့ရတာ အတော်ကြာပါပြီ...။
လမ်းဘေးနေ လမ်းဘေးအိပ် လမ်းဘေးစားပြီး ကြုံရာနဲ့စားရတဲ့ ဆေးဝါးကုသမှု မရှိရှာတဲ့ ထက်ထက်တယောက် လူ့လောကမှာ ရှိမှရှိသေးရဲ့လား လို့ တွေးမိခဲ့သေးတယ်...
ဒီမနက်စောစော ငါးနာရီခွဲလောက်မှာ အိပ်ယာက ဖြတ်ကနဲနိုးချိန် အနောက်ဖက်လမ်းက အော်သံလေးသဲ့သဲ့ ကြားရလို့ နားစိုက်ထောင်မိတယ်...။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ လို့ အထပ်ထပ် အော်ဆိုနေတဲ့ အသံ...
ဒါ သူမလား... ထက်ထက် လား...?
ထက်ထက် ဆိုရင် သူမရဲ့ ဘဝနဲ့အသက်ကို တောင့်ခံထားနိုင်တုန်းပါပဲလား...
ဝမ်းသာစိတ်နဲ့ အိပ်ယာထဲက ထထိုင်ပြီး တိုးတိုးလေးဆုတောင်းမိတယ်...
ထက်ထက်_ကျန်းမာပြီးဘေးကင်းပါစေ....။

တိုးတိုး

15.08.2022

Comments