အောင်ကောင်းမြစ် - အငြိုးသီးပေါ်ချိန်

"အငြိုးသီးပေါ်ချိန်"
အောင်ကောင်းမြစ်
(မိုးမခ) ဇွန် ၆၊ ၂၀၂၂

မူလဥယျာဥ်ခြံမြေအမည်ပေါက်က
တူနှစ်ကိုယ်တိုင်းပြည်
နောက်တော့ အောင့်ကာနမ်းဖြစ်လာတယ်
တစ်ထောင့်တစ်ညပုံပြင်တွေနဲ့
ပြောမရဆိုမရ စိုက်ကြပျိုးကြပြန်တော့လည်း
ရည်ရွယ်ချက်ရှိရှိ အမုန်းပင်
တွေ့ကြပြီပေါ့ကွာ
ဇာမဏီမျိုးဟေ့ ဒို့ဗမာ
ဇမ္ဗူဒီပါ လကျ်ာတောင်ကျွန်းသားတွေပဲ
မြေသြဇာကလည်း
ကောင်းလိုက်ပါဘိသနဲ့
သီးချိန်တန်လို့ သီးကြပြီလည်းဆိုရော
အံ့သြဖို့ကောင်းတာက
အမုန်းပင်က အမုန်းတွေမသီးဘူး
အမုန်းထက်ပိုသော အငြိုးသီးတွေ
သီးလိုက်တာများ
ပင်လုံးညွှတ် ပြွတ်နေတာပဲ
ကိုယ်စိုက်တဲ့ အသီးအပွင့်
ကိုယ်တိုင်ပဲ စားသုံးရမှာဆိုတော့ကား
စူဇကာပုဏ္ဏားလို ပျော်ပျော်ကြီးသာ 
ဆွတ်ယူစားသုံးလိုက်ကြပါလေ
အငြိုးသီးပေါ်ချိန်။

6.6.2022
Mon:12:12 am

Comments