ငြိမ်းပြေ - အိမ်

Art by Aung Htet
အိမ်
ငြိမ်းပြေ
(သစ်ခက်သံလွင်) ဧပြီ ၂၅၊ ၂၀၂၅

ကိုယ့်အိမ်တံခါးတွေ ကိုယ်စီဖွင့်ကြတော့
အချိန်ဆိုတာကို ဘောင်ထဲ
စိမ်...နှစ်ထားခံရတဲ့နေရာက
သက်မချသံကြားရ
ဒါကို
အဝေးကနေ မသက်မသာဖြစ်ရ ၊

လူ နေတော့ အိမ်ခန်း
ရဟန်းနေတော့ ကျောင်း
သူတောင်းစားနေတော့ ဇရပ်တဲ့
ကဗျာဆရာနေရတော့ ထောင်လို့ခေါ်ရင်
မယဉ်ကျေးသလိုများ ဖြစ်နေမလား ၊

ကကြိုးပြောင်းရင် ကကွက်ပြောင်းရမယ်တဲ့
ခင်ဗျားပြောဘူးတဲ့စကားကို မှတ်မှတ်ရရ
စိတ်သွားရာနောက် ကိုယ်ကလိုက်နိုင်ခဲ့ရင်
ကကွက်အသစ်တွေနဲ့
ရင်ဖိုနေရမှာလဲ အသေအချာ ၊

ညစ်ထပ်ထပ် မျက်နှာကျက်က
ဝါကျင့်ကျင့်မီးလုံးဆီ ကြည့်မိတဲ့အခါ
အိမ်ဆိုတဲ့အရာကို ပိုတောင့်တမိမှာပေါ့
နှလုံးသားတွေ‌ နွေးထွေးရာ*အရပ်ဟာ အိမ်...တဲ့
**အားလုံးကို ငါ မ' ကြည့်ပြီးပြီ
မျက်ရည်ဟာ အလေးလံဆုံးပဲ** တဲ့
မပြန်နိုင်တဲ့အချိန်တိုင်း
တွေးကြည့်ရုံနဲ့ စိတ်မှာအလေးလံရဆုံးက
အိမ်ပဲနေမှာ
အိမ်ထက် ပိုနွေးတဲ့မီးဖို
ဟောဒီစကြာဝဠာတခုလုံးမှာရှိမယ်လို့
ကျနော် မထင်ဘူး 

ခင်ဗျားရဲ့အိမ်
ကျနော်ရဲ့အိမ်
စိတ်သာ ရှိမယ်ဆိုရင် အိမ်ရှိနေသေးသရွေ့
မရောက်ရောက်အောင် ပြန်ကြတာပေါ့
ကြိုးကြာငှက်တွေလို 


*ဓီရာမိုရ်ရဲ့ အိမ် သီချင်းထဲက စာသား
**ကဗျာဆရာ သားဦးရဲ့ ကဗျာ

22082024
23:46

Comments