ဖိုးရွှေညီမှိုင်း - အသံသာကျန်သူ

Image- Google

အသံသာကျန်သူ
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇွန် ၂၀၊ ၂၀၂၂

ခြေတွေ လက်တွေ 
ထောက်နိုင် ကန်နိုင်ဖို့
အင်အားမရှိတော့သူ
သွားစွယ်တွေကျိုး
ချိနဲ့ ယိုင်ထိုး
ခန္ဓာထဲက ပိုးမျိုးရှစ်ဆယ်အတွက်
ဆာလောင်မွတ်သိပ်နေသူ။
အသက်ကို မျှင်းမျှင်ရှူ
ဟိန်းသံ တချက် နှစ်ချက်ပြု
ဖြူဖျော့ယိုင်ထိုး ခြေလှမ်းများနဲ့  ...
သူ့ဟိန်းသံမှာ 
ကြောက်လန့်လဲကျသွားတဲ့
မသေတသေ ယုန်ငယ်များဆီ
မသေတသေ ဂျီငယ်များဆီ
မသေတသေ ဒရယ်ငယ်များဆီ
တရွေ့ရွေ့လှမ်းရင်း နောက်တကြိမ် 
ထပ်ဟိန်းလိုက်ပြန်တယ်။
တပည့်ရင်းချာ
ဝံပုလွေများ
မြေခွေးများ
တောခွေးများကို အားကိုး
တရားမဲ့
အားမဲ့ပေမယ့် 
မာန်မမဲ့သေးသူ
တောဘုရင်အမည်ခံ
ခြင်္သေ့အို။

၂၀၂၂ ဇွန် ၁၆

Comments