ဘမိုးမြင့် - ကြယ်ပုံပြင်

ကြယ်ပုံပြင်
ဘမိုးမြင့်
(သစ်ခက်သံလွင်) မေ ၃၁၊ ၂၀၂၂

သက္ကရာဇ်၂၀၂၂
ဖေဖော်ဝါရီ ၁ ရက်နေ့
ကောင်းကင်မှာကြယ်တွေမတွေ့ရတော့ဘူးအမေ။

အဲ့ဒီကြယ်တွေဟာ
မြေပြင်ကိုခုန်ဆင်း
ဟော့ဒီလူသတ်ကွင်းကြီးထဲမှာ
အားလုံးကိုအသက်သွင်းလိုက်ကြပြီအမေ။

လူ့အခွင့်အရေးနဲ့အာဏာအကြားမှာ
ကြယ်တွေဟာဖျတ်ဖျတ်လူးလွင့်
အသံကိုအကျယ်ဆုံးမြှင့်တင်အော်ဟစ်
သမိုင်းအသစ်ကိုဖွင့်လိုက်ကြတယ်အမေ။

ငှက်ကြီးတောင်ဓားနဲ့
မိုးခုတ်လို့မရတဲ့အခြေအနေမှာ
ကြက်သွန်လှီးဓားနဲ့ထိုးလို့ခုခံခဲ့ကြ
အိပ်မရတဲ့ညတွေများခဲ့ပေါ့။

ကြယ်တွေဟာ
ဟန်ချက်ညီညီလှုပ်ရှားကြရင်း
အပ်တိုတချောင်းမပိုင်တဲ့သူတို့ခေါင်းကို
အာဏာသေနတ်ပြောင်းနဲ့ချိန်ပစ်
ခေတ်ကြီးကအကြိမ်ကြိမ်ပျက်ပြန်ပေါ့အမေရယ်။

ခေတ်အဆက်ဆက်ပြုပြင်ဖို့ကြိုးစားရင်း
ပြန်လည်ထူမတ်နိုင်ဖို့ကြိုးစားရင်းနဲ့
အာဏာရှင်သတ်ကွင်းထဲကကိုမထွက်နိုင်ခဲ့ဘူးအမေရယ်။

အဲ့ဒီစနစ်ဆိုးအောက်
ဒူးမထောက်အညံ့မခံတဲ့ကြယ်တွေဟာ
မြို့ရွာနိုင်ငံအနှံ့
အလံကိုတလူလူလွှင့်ထူ
သူတို့တတွေဟာ
သေနတ်ပြောင်းဝစစ်ဖိနပ်အောက်
အမှောင်လမ်းကိုအကြိမ်ကြိမ်လျှောက်ခဲ့ကြရ
စစ်ကျွန်ဘဝ
မွေးကတည်းကရခဲ့သူလည်းပါတယ်အမေ။

အမေ့သမီးကျမတို့တွေလည်း
ရွာမှာစစ်သားကမုဒိမ်းကျင့်လို့
မြို့ကိုဖြစ်သလိုပြောင်းပြေး
ကလေးတယောက်မွေးခဲ့တာပဲအဖတ်တင်
ကျမလင်ဆိုတာ
ဒီခေတ်ထဲကယောကျ်ားတွေပဲအမေ။

နွေဦးတော်လှန်ရေးကြီးဟာ
အရှိန်ညီးညီးနဲ့လောင်မြိုက်
ရင်ခွင်ပိုက်သားတွေကလွဲလို့
တော်လှန်ရေးအတွက်အားလုံးပေးလိုက်ရတယ်အမေ။

အမေ့ရဲ့သား
ကျမတို့ရဲ့သားတွေဟာ
အာဏာရှင်စနစ်ဆိုးရဲ့
ရေသောက်မြစ်ကိုအပြတ်ဖြတ်ဖို့
သေနတ်နဲ့ချစ်သူလက်ကိုလဲလှယ်ပြီး
သူတို့ခရီးကိုသူတို့လျှောက်ခဲ့ကြပြီအမေ။

နွေဦးဥသြငှက်လေးတွေရဲ့
အောင်ပွဲကိုကြိုတဲ့အော်သံ
ရိုးမနံရံတွေကိုကျော်လွန်ပြီး
မြည်ဟီးစေချင်ပြီအမေရယ်...။

အမေ့ရင်ခွင်ဆီပြန်မရောက်နိုင်တော့မယ့်
သားကောင်းတွေအတွက်
အမေစိတ်ချလက်ချအိပ်စက်ပါ
ဟော့ဒီစနစ်ဆိုးကြီးကိုတော်လှန်ပြီးခဲ့ရင်
အမေ့ရင်ခွင်ကိုအချိန်မမီတော့ပေမယ့်
ရောက်ရာအရပ်ကအမေသာဓုခေါ်နိုင်ဖို့
ကြေးစည်သံကျယ်ကျယ်ထုပြီး
ခရီးဆုံးတစ်ခုကိုရောက်ပြီဆိုတဲ့အကြောင်း
ခေတ်တခုကိုပြောင်းလဲခဲ့ပြီဆိုတဲ့အကြောင်း
အမေတို့ကောင်းကောင်းသိသွားကြပါစေ။ ။

15 feb 2022

Comments