ငဇ - ငါးတွေ မအဘူး

ငါးတွေ မအဘူး
ငဇ
(သစ်ခက်သံလွင်) မေ ၁၊ ၂၀၂၂

အပြစ်မရှိတဲ့ ငါးတွေကို ဖမ်းပြီး
ပလိုင်းထဲထည့်လိုက်
ပြန်လွှတ်လိုက် လုပ်နေတာ ...
ပျော်သလိုလို ဖြစ်နေတာ ...
တကယ့်ပျော်စရာ မဟုတ်မှန်း
ငါးတွေသိတယ်။

ဖမ်းတဲ့ လွှတ်တဲ့ လက်တွေ မရှိရင်
ပျော်သလိုလို အပျော်တုတွေ
မရှိတော့ဘူး ...
ပိုက်စုတ်နဲ့ ဟန်လုပ်နေတာကို
ရယ်ရန် အသင့်စိတ်
ငါးတွေ ပါးဟပ်မှာ ချိတ်ခဲ့တယ်။

ပိုက်မှာ ငြိရင်းလည်း နာ
ပိုက်က ဖြုတ်တော့လည်း နာ
ပလိုင်းထဲ ရောက်တော့လည်း နာ
တကယ်နာခဲ့တာတွေ ရှိတော့
ရေမြင်ရုံနဲ့ 
ရင်ခုန်စရာလို့ မမြင်တဲ့ မျက်လုံးတွေ
ငါးတွေမှာ ရှိခဲ့တယ်။

ပိုက်မှာ ငြိရင်းနဲ့ ငါးတွေ
ပိုက်က ဖြုတ်ရင်းလည်း ငါးတွေ
ပလိုင်းထဲမှာလည်း ငါးတွေ
သေခဲ့ကြ သေခဲ့ရှာကြတာ
မမြင်ရလောက်အောင်လည်း 
ငါးတွေ မအဘူး။

တော်လှန်ဆူး တထောင်ထောင်နဲ့
ငါးတွေ
ရေအတု အစစ် ခွဲကြည့်စရာ မလိုဘူး
ငါးတွေ မအဘူး။

19/ Oct/ 2021

Comments