မောင်သစ်ကြည် - စိတ်ပျက်အောင်လှတဲ့အညာဒေသတွေ

Credit-  Saatchi Art
စိတ်ပျက်အောင်လှတဲ့အညာဒေသတွေ
မောင်သစ်ကြည်
(သစ်ခက်သံလွင်) ဧပြီ ၄၊ ၂၀၂၂

ဘာတခုမှ အဆင်မပြေတဲ့လောကမှာ
မြို့မငြိမ်းလိုသေရင် ကောင်းမလား...
လုံမငြိမ်းချမ်းလိုသေရင် ကောင်းမလား...
အခါခါစဉ်းစားရင်း စိတ်ထဲမှာပဲ အခါခါသေခဲ့တယ်
ကျွန်တော်မသေရဲတာ သေချာသွားပြီ
စိတ်ကစဉ့်ကရဲ အိပ်မက်ကတောင်
လှောင်ပြောင်ရယ်မော ပြက်ရယ်ပြုခံရသူပါ
မရိုးမရွ ခံပြင်းလှတဲ့ သေချင်စိတ်တွေ
အရိပ်လို အောင့်သက်သက် ငါ့ကို စွန့်ခွာသွားကြ
တခါတလေ စိတ်ကျရောဂါတပွဲလောက်
ဆိတ်ခြေထောက်စွပ်ပြုတ်နဲ့ရောသောက်ချင်တယ်
ဒုက္ခတွေ...ဒုက္ခတွေ...စပျစ်ခိုင်လို
အတွဲလိုက် အပြွတ်လိုက်သီးတဲ့ဘဝမှာ
ပြန်စရာ ရွာကလည်း မရှိ
နေစရာ အိမ်ကလည်း မရှိ
ပြာအတိပြီးတဲ့မီးလောင်မြေတွေ
တီအက်စ်အဲလီယော့ရဲ့
ဝိညာဉ် မှန်ကွဲစများ လွင့်မျောရာ ကန္တာရ ထက်
စိတ်ပျက်အောင်လှတဲ့အညာဒေသတွေ
ဘာမှ စိုက်ပျိုးလို့မရတဲ့ဆပ်ပြာကျင်းတွေ
ဘယ်တုန်းကမှ ကျပ်မပြည့်တဲ့ကျပ်တီးကုန်းပေါ်
သူ့အသက် မြော့မြော့ကလေး
မြူတမှုန်စာနေရာ ဦးထားလိုက်ပြီပေါ့။    ။

၃ ဧပြီလ ၂၀၂၂

Comments