နီလွင်သွေး - '' အညတရသူရဲကောင်းတယောက်ကျဆုံးခြင်း''

'' အညတရသူရဲကောင်းတယောက်ကျဆုံးခြင်း''
နီလွင်သွေး
(သစ်ခက်သံလွင်) မတ် ၂၄၊ ၂၀၂၂

အမြင့်မြတ်ဆုံးကျဆုံးသွာခဲ့ကြရ
လူမသိသူမသိ မြှုပ်နှံထားခဲ့ရ
အညတရသူရဲကောင်းတယောက်ရဲ့
နောက်ဆုံးအချိန်က ကြေကွဲတိတ်ဆိတ်လျက်

မျက်ရည်ကျမဲ့ မိသားစုတယောက်မျှမရှိ
လက်ဝါးကပ်တိုင်အခိုင်အမာမရှိ
အမည်နာမ အဆောင်အယောင်မရှိ
ဂူဗိမာန် အကာအရံမရှိ
သူတို့ရဲ့ဂုဏ်ရောင်ထွန်းပြောင်မှုနဲ့
သဟဇတမဖြစ်ခဲ့ဘူး။

အညတရသူရဲကောင်းဗိမာန်ပေါ်
ကိုင်းညွှတ်ပူဇော်နေကြတဲ့တောပန်းတွေ
တောင်တန်းနဲ့တောအုပ်တွေ
နာကျည်းချက်နဲ့ စီးဆင်းနေတဲ့သံလွင်မြစ်ရေ
ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ညှို့ညှို့မှိုင်းမှိုင်းဉတု
ဦးညွှတ်အလေးပြုနေကြရဲ့ ။ 

သူချစ်တဲ့မြေ
ဧရာဝတီနဲ့
အနောက်ဘက်ကမ်းဆီက
ရခိုင်ရိုးမတောင်တန်းတွေတောင်မှ
သူတို့အိမ်တွေဆီကို
နောက်ဆုံးနှုတ်ဆက်စကားတွေ
သယ်မသွားနိုင်ခဲ့ကြဘူး။ ။

၂၈၊ မတ်၊ ၂၀၀၈ (သောကြာနေ့)

 

Comments