နေလင်း - လက်ပံမိုးတိမ်

Image- Crd

လက်ပံမိုးတိမ်
နေလင်း
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၂

အိပ်တန်းဝင်လာတဲ့ငှက်တွေကို
ကြယ်ကလမ်းပြပေးသလို
မိုးချုပ်ခြင်းများဖြစ်သန်းမှုထဲရောက်လာချိန်ဟာ
အရောင်တောက်ပမှုနည်းနေတဲ့
ရထားတစီးရဲ့ဘူတာအိုကလေးပါလေ

အလံကိုချိုးလိုက်ပေမယ့်
ဘယ်ပြေးပွဲတွေကိုမှစိတ်မဝင်စားခဲ့တော့
ဆုတံဆိပ်အဟောင်းတွေလည်းဆောင်းရာသီဆန်ပြီပေါ့
တယုတယသိမ်းထားတဲ့ညတွေထဲ
ငါတို့ဝေးခဲ့တာပဲကြာပါပြီလေ

စိတ္တဇဆန်ဆန်လွမ်းကြမလို့လား
လူဆိုတာအရူးတွေပဲလို့ဟောကြားတော်မူထားသည့်တိုင်
စိတ်ရူးတွေရဲ့နှလုံးသားသွားရည်ယိုမှုတွေစေရာအတိုင်း
အရာရာကိုတင်ဆက်ဖို့မှာက
ငါတို့ဟာအခြားသတ္တဝါတွေထက်
အဆင့်မြင့်တဲ့လီလီပန်းတွေဆိုတာမမေ့နဲ့ညီမလေး

ကွေ့ကောက်တဲ့လမ်းတွေရဲ့ပန်းတိုင်အတွက်
စိတ်ကိုစိတ်နဲ့တရားကိုတရားနဲ့ဖြေပါ
အဓိပ္ပာယ်အသားဓာတ်ရဖို့ ဟင်းခတ်မှုန့်တွေချိုနေတဲ့
ဟောဒီစက္ကန့်တံတချက်ချက်ကို ရိုက်ချိုးပစ်စို့
ညတွေသာ
ဖြားယောင်းမှုမပါခဲ့ရင်
နှစ်နှစ်ခြိုက်ခြိုက်ချစ်မိလိုက်ကြမှာပါပဲလေ

တီးဆိုင်မှာဖွင့်တဲ့သီချင်းနားထဲဝင်လာတော့
ထီးဆိုင်မှာဘယ်လောက်ချိုမြိန်မိကြသလဲ
ကြိုးနံ့မကင်းတဲ့သူ့ဘဝထဲ
ထောင်နံ့မကင်းတဲ့သူ့ဘဝထဲ
ဘဝရသထုံထုံလွှမ်းပြီး
သူပေးခဲ့သမျှခုထိလွမ်းနေရတုန်းပဲ
အဲ့အလွမ်းတွေထဲ
ခေတ်ပျက်ကြီးကလည်းဗီလိန်ဆန်နေတုန်း
ကဝေကကွက်လက်ချောင်းတွေမောင်းအမြဲတင်နေကြတုန်း

မမျှော်လင့်ရဲခဲ့တာဘာမှမရှိတဲ့သတ္တိတွေနဲ့
တဝက်ချထားတဲ့အလံတော်မှာအမြင့်ဆုံးတောင်ပံတွေနဲ့
လက်မလွှတ်တမ်းရှင်သန်နေကြရတာလည်း
အရေးတော်မှာဖြတ်သန်းနေတဲ့
ကမ္ဘာမကြေသီ ချင်းတပုဒ်ပါပဲလေ
ငါတို့က အောင်ရမယ်မှာရပ်မနေဘူး အောင်ပြမှာ။ ။ ။

Comments