ကိုကိုးနပ် - ရန်ကုန် တချို့

ရန်ကုန် တချို့
ကိုကိုးနပ်
(သစ်ခက်သံလွင်) ဇန်နဝါရီ ၂၁၊ ၂၀၂၂

ရန်ကုန်က ရယ်ရတယ်
ရန်ကုန်က မရယ်ရဘူး
ရန်ကုန်က တချို့ ရယ်ရတယ်
လှေပေါက်တာ ဝိုင်းမဖာဘဲ
ကိုယ့်အတွက် ဘောကွင်းပြင်လို့
အဓမ္မမုန်တိုင်း အာဏာလှိုင်းလေထဲ
ဘယ်လောက်ထိ ခြေကုန်လက်ပမ်းမကျအောင် ကူးခတ်နိုင်မယ် မသိ
ဘုရားဖူးသွားလိုက် ကေတီဗီသွားလိုက်
ရင်းနေရတဲ့ အသက်တွေ ဘဝတွေက
သူတို့နဲ့ တကမ္ဘာခြားနေသလိုမျိုး
ရန်ကုန်က တချို့ ရယ်ရတယ်
ရန်ကုန်က တချို့ မရယ်ရဘူး
ရယ်တယ်ဆိုတာတောင် ခပ်မေ့မေ့
ဘယ်နေ့ မီတာပြဿနာလာရှာမလဲ
ဘယ်ည ဧည့်စာရင်းလာစစ်မလဲ
နေ့တထိတ်ထိတ် ညတထိတ်ထိတ်
ကလစ်ရတာလည်း လက်ထိပ်တွေနာလို့
မနက်လင်းတာနဲ့ ကုန်းရုန်းရှာ ချွေတာ
ညည ဘယ်ကိုဘယ်လောက်လွှဲရမယ်
အလည်လွန်ကလေးတို့အိမ်ပြန်ချိန်ကို
သပြေညိုမပြတ်ထိုး စောင့်ကြိုရင်း
သားကြိုက်တာလေး ပြင်ထားတယ်
သမီးဆွယ်တာလေး ထိုးထားတယ်
လူမြို့ပြ စိတ်ဂနိုင် ဝရန်တာလက်ရန်းလေးကိုင်မျှော်လို့
ရန်ကုန်က တချို့ မရယ်ရဘူး။

15/1/2022(9:00)
...

Comments