အောင်ကောင်းမြစ် - ငါတို့နွေဦး

ငါတို့နွေဦး
အောင်ကောင်းမြစ်
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၄၊ ၂၀၂၂- 

နွေဦးငှက်တွေ ပျံသန်းလာပြီလား
ခြံတံခါးဝကနေ ခြံစောင့်နှင်းကို 
အမိန့်​ပြန်သံ ကြားလိုက်တယ်

တဘဝလုံး သင်ကြားခံခဲ့ရတဲ့
ကျောင်းတော်ကြီးက သင်ခန်းစာတွေအတိုင်းပါပဲ 
နောက်ကို ပြန်ပြန်လှည့်ကြည့်နေရတယ်

ထင်တဲ့အတိုင်းပါပဲ 
မနှစ်ကတိမ်အသိုးတွေ
မျက်မှောင်ကုတ်ကြည့်နေတာ တွေ့ရတယ်

ဟိုး တောတန်းလေးအခြေက
ရေစီးရေလာမကောင်းတဲ့ ဆည်ဝမှာ 
ကျားတွေ ဗျိုင်းချောင်းချောင်းနေတာ တွေ့ရတယ်

ဝါဒဖြန့်ချိသူများ 
ဒီကာလ​ကြီးမှာ Mask မတပ်ပဲ
တယောထိုးနေတာ တွေ့ရတယ်

နှုတ်ထွက်ကြမ်းတဲ့ ကျေးတကောင်က
ဖေ့စ်ဘုတ်ပေါ်တက်ပြီး 
မသမာမှုလို့ ကုန်းအော်တယ်

လိမ္မာရေးခြားရှိတဲ့ ကျေးတကောင်က
တောင်တရုတ်ပင်လယ်ရဲ့ မုန်တိုင်းအဆင့်ကို
Zoom ထဲကနေ ကမ္မဝါဖတ်နေတယ်

ဒီလိုနဲ့ ငါတို့နွေဦးဟာ
စစ်ရိပ်စစ်ကဲတွေနဲ့
တငွေ့ငွေ့ လေရူးသုန်ရပေလိမ့်ဦးမယ်

ဒီလိုနဲ့ ငါတို့နွေဦးဟာ
ရွက်ကြွေတောက ဥသြလေးလို
အလွမ်းပိုသလိုလိုနဲ့
ဖက်ဆစ်တော်လှန်ရေးနေ့အကြောင်း
တပေါင်းကင်းဗတ်စ်ပေါ်မှာ 
စုတ်ချက်ကြမ်းကြမ်း 
ရေးဖွဲ့ကြရပေလိမ့်ဦးမယ်။

13.1.2022

Comments