မောင်သစ်ကြည် - ကြိုးစင်ပေါ်ကဇာတ်လမ်း

ကြိုးစင်ပေါ်ကဇာတ်လမ်း 
မောင်သစ်ကြည်
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၃၊ ၂၀၂၂

ကမူးရှူးထိုး နိုးလာတဲ့မနက်ခင်းဟာ
ဘရာစီယာ ဝတ်မထားတော့
လျော့ရိလျော့ရဲ လိပ်ခဲတည်းလည်း...

နိုင်ငံရေးအကျပ်အတည်းပြတင်းပေါက်ထဲက
ခေါင်းပြူလို့ထွက်လာတဲ့ငြိမ်းချမ်းရေးလိပ်တကောင်

ကိုယ့်ဘက်ကိုယ်ယက်ပြီးတော့
သူများနှာခေါင်းပေါက်နဲ့အသက်ရှူချင်သူတွေပေါ့

ကမ္ဘောဒီးယားဖဲဝိုင်းကိုလူကျွံဘောဖမ်းမိချိန်မှာ
ဂျက် ကွင်း ကင်း ကုလားဖဲချင်းတူတာတောင်မှ
ငါ့ကုလားက ဓားပါတယ် လို့ကြွားတတ်သူတွေ

ငါ့မိန့်ခွန်းကသူများထက်ပိုချွန်စေတဲ့ခဲတန်
ဒုနဲ့ဒေး ဩဘာ လက်ခုပ်သံများ

ကြောက်စိတ်ကိုထမိန်ခြုံကွေးလို့မနွေးတော့ပါဘူး
ရက်စက်မှုက တောခြောက်သံပေးနေရပြီ
ယုန်တောင်ပြေးလို့ခွေးမြောက်လိုက်ဖြစ်ပြီဆိုရင်

မကြာတော့ပါဘူး
( ကြာနီကန်ဆရာတော်ဟောတဲ့ကြာခင်ဖူးပေါ့)
မုဆိုးကသားကောင်ဘဝရောက်တော့မယ်
ဇာတ်လမ်းက ကြိုးစင်ပေါ် မြင်ချင်လှပါပြီ။   ။

၁၂ ဇန်နဝါရီ ၂၀၂၂


Comments