Photo- Mi
" လမ်းလျှောက်သင်စ ၆၀ ကျော် "ခင်လွန်း
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၁၊ ၂၀၂၂
တနေ့က ကျနော်သည် ၅ ကီလိုလောက်ရှိသည့် မြေဩဇာထုတ်တစ်ထုတ်ကို ပျိုးထားသည့်စားပင်လေးတွေ၏ လိုအပ်မှုအရ ဥယျာဉ်ပန်းမာလ်လိုရာပစ္စည်း သီးသန့်ရောင်းဆိုင်မှဝယ်လာခဲ့ပါသည်။ ထိုအိတ်လေး၏အလေး ချိန်သည် ၁၀ နှစ်သားကလေးငယ်တယောက်ပင် ဟိုမှဒီ ရွှေ့ပြုနိုင်လောက်သည့်ပမာဏသာရှိပါလိမ့်မည်။ ကျနော်ကလည်း ထိုမျှလောက်မပြောနှင့် သုံးတင်းဝင် ဆန်အိတ်ကိုပင် အပင့်အကူမပါဘဲ စွေ့ခနဲကောက်ပွေ့ကာ ပခုံးပေါ် ပစ်တင်လာခဲ့သူ ဖြစ်ပါ သည်။
ငယ်တုန်းတော့ ဟုတ်ပေမပေါ့ဗျာလို့ ဆိုချင်ကောင်းဆိုနိုင်ပါသည်။ ကျနော်ကမူ အသက် ၅၀ ကျော် ၆၀ နားလောက်ထိ ခါးရိုးထဲ အာရုံကြောညှပ်နေသည်ကိုမသိဘဲ အခုနကဆိုခဲ့သည့် ဆန်အိတ်လိုအလေးအပင်မျိုးကို မ ကာ ရွှေ့ကာ သယ်ကာပိုးကာ ထမ်းသင့်လည်း ထမ်းကာနေခဲ့သူပါပင်။ မလွှဲမရှောင်သာအခြေ အနေမျိုးမဟုတ်လေဘဲ ရွေးချယ်ခွင့်မရှိသည့်ဘဝအနေအထားတခုက ကျနော်လျှောက်နေလေသောလမ်းခရီးတွင် ထိုသို့ပြုပါရန် ပြဋ္ဌာန်းပေးခဲ့သည်လည်း ရှိမဟုတ်လား။
ဤတွင် ဆယ်စုနှစ်ဝက်စာနားခိုခဲ့ရဖူးသော ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းလိုနေရာမျိုးတွင် ကျနော်သည်လည်း အထက်ပါဇာတ်ရုပ်ဖြင့် ကျရာဇာတ်ဝင်ခန်းတချို့၌ ပီပီပြင်ပြင်သရုပ်ပါပါ နေခဲ့ရတော့သည်သာ။
ထိုသို့သောကျနော့်အဖို့ အနှီ ၅ ကီလိုမျှရှိသည့်မြေဩဇာထုတ်လေးကို ဆိုင်မှဝယ်၊ ကားပေါ်တင်၊ အိမ်ရောက်တော့ ကားပေါ်မှချ၊ တဖန် ကျနော်ကိုယ်တိုင်ပျိုးထားသည့်အခက်အရွက်ပြုစ စားပင်ပေါက်လေးများအနား ရွှေ့ ပြု... စသည်ဖြင့်... ဘာများအပမ်းကြီးပါမည်လဲ။ ဒီလောက်တော့ အပျော့ပေါ့။
ဒါပေမင့် အနှီအထုတ်လေးသည်ကား မပျော့။ ကျနော်သာ ခံသွားခဲ့ရပါသည်။ ခံရပေမပေါ့။ ကျနော်က လောသွားတာကိုး။ ကျနော်က ပေါ့လျော့ခဲ့တာကိုး။ သို့ကလိုသာ ကိုယ့်ကိုယ်ကိုယ် ဆိုရပါတော့သည်။
သို့နှင့် ကိုယ့်အပြစ်နှင့်ကိုယ် မခံသာသည့်အဆုံး မိသားစုဆရာဝန်ထံ လှမ်း၍ တွေ့ခွင့် တောင်းရပါတော့သည်။ ပေါ့နေလို့မဖြစ်တော့။ ကျနော့် နောက်ကြောပြင်တခုလုံး ကိုက်ခဲနာကျင်လှပပေရာ ကြာကြာထိုင်မရ လမ်းလည်း လျှောက်မရ ဖြစ်ပြန်ပါတကား။
ဤသည်ကား မိမိကိုယ်ကိုယ်ကိုယ် အထင်တခွဲသားစိတ်ဖြင့် သတိမမူဂူမမြင်မိလေသော ဖြစ်ရပ်ပါပေတကား။
လွန်ခဲ့သည့်နှစ်ကုန်ပိုင်း နိုဝင်ဘာလဆန်းက အကြောင်းအမျိုးမျိုးဖြင့် ကုသခွင့်ရရန် ၁၀ နှစ်ကျော်စောင့်စားခဲ့ရသောကျနော့်ခါးကို ပါရဂူတို့က ခွဲစိတ်ခဲ့ကြပါ သည်။ ခါးနှင့်ပေါင်တန်းတလျှောက်..ဟိုး ခြေဖဝါးထိတိုင် မာကြောကြောသပ်ရှည်ရှည်တချောင်းရိုက်သွင်းထားသလို မချိအောင်နာကြင်၍ ခံစားရခက်လှသောဝေဒနာမျိုးကို ကျနော်သည် ၁၄-၅ နှစ်ခန့် ခံစားနေခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအရာကိုခွဲစိတ်ပါက ပျောက်ကောင်းလည်း အလျဉ်းပျောက်သွားမည်။ သို့မဟုတ်ပါကလည်း အသက် ၆၀ ကျော် အမေ့သားလူချောလူလှလေးကျနော်သည် အောက်ပိုင်းသေသွားသူတယောက်အဖြစ် ရှေ့ဆက် နေသွားကောင်း နေသွားရနိုင်သည်။ သို့မဟုတ် ...ဆီး၊ ဝမ်းတို့ သဘာဝအတိုင်းမစွန့်ထုတ်နိုင်တော့ဘဲ ထိုအရာတို့ကိုခါးမှဖောက်ထုတ်ကာ ပိုက်တန်းလန်းကြီးနှင့် နေရကောင်းလည်း နေသွားရပါလေမည်ဟု ခွဲစိတ်ကုပါရဂူကြီးများက မခွဲစိတ်မီကပင် ကျနော့်ကို ရှင်းပြခဲ့ကြပြီး ခွဲဖို့သဘောတူမတူ မေးမြန်းဆုံးဖြတ်စေခဲ့ကြပါသည်။
ကျနော်ကား ကြားရသည်နှင့်ပင် အသည်းထိတ် ရင်ထိတ်စိတ်ငယ်နေမိပြီး အဆိုးဖြစ်နိုင်ချေမြင်ကွင်းများကိုလည််း အတွေးဖြင့်လှမ်း၍ မြင်ယောင်ကြည့်နေမိပါသည်။
ခင်လွန်း
ဆက်ပါဦးမည်။
ဇန်နဝါရီ ၉၊ ၂၀၂၂
ည ၁၁ နာရီ
Comments
Post a Comment