သစ်ခက်သံလွင် ဝတ္ထုတို၊ နိုင်ဝင်းသီ ရဲ့ "လူနှင့်လမ်းမများ "



လူနှင့်လမ်းမများ
       
နိုင်  ဝင်း  သီ
•••••••••••••••

POS
၁။        လိပ်ပြာ

           အဝေးပြေးလမ်းမတစင်းပေါ်က ယာဉ်မောင်းတယောက်ရဲ့ သွေးခုန်သံဟာ ဘယ်လောက်ထိအောင် ပူနွေးလတ်ဆတ်ပါသလဲ။ သူ့အိမ်သားတွေ သိကြမှာမဟုတ်ပါ။
ကျွဲရိုင်းတကောင်လို သန်စွမ်းကြံ့ခိုင်တဲ့ ဝန်တင်ကားတစီးကို ဖဲကြိုးနက်တခွေ ခင်းဖြန့်ထားသလို ရစ်ခွေတွန့်ကွေးနေတဲ့ အဝေးပြေးလမ်းမကြီးတစင်းပေါ်မှာ လိုရာခရီးရောက်အောင် ထိန်းကျောင်း မောင်းနှင်ရတဲ့ အရသာဟာ ဘယ်လောက်တောင် စေးစေးပိုင်ပိုင်နိုင်လိုက်သလဲဆိုတာကိုလည်း သူ့အိမ်သားတွေတယောက်မှ ခံစားတတ်ကြမှာ မဟုတ်ပါ။
              အကွေ့အချိုးများစွာနဲ့ ကုန်းတက်ကုန်းဆင်းများပြားလှတဲ့ လမ်းမမျိုးတွေပေါ်မှာ
ရင်တလှပ်လှပ်နဲ့ ကားမောင်းရတဲ့ခံစားမှုမျိုးကိုလည်း သူ့အိမ်ကလူတွေ တယောက်မှ
သိကြမှာ မဟုတ်ပါ။
              နှစ်ပေါင်းများစွာ စတီယာရင်ကိုင်လာခဲ့တဲ့ လက်ကြမ်းကြမ်းတစုံကိုဘာဖြစ်လို့
များ သူတို့နားလည်မှု မပေးနိုင်တာပါလိမ့်။
              သူ့ရင်ကို ဗြိကနဲ ခွဲချလိုက်ရင် လမ်းမကြီးတွေ တစင်းပြီးတစင်း၊ လမ်းငယ်လေးတွေ တမြွှာပြီးတမြွှာ အလိပ်လိုက်အမြွှာလိုက် လုံးထွေးဖြာကျလာမှာကို သူတို့တွေ တကယ်ပဲ မသိကြဘူးလား။


၂။           ရက်စွဲများ


              သူ့အခန်းကျဉ်းလေးထဲမှာ လဲကျသေဆုံးနေသော ဘီယာဘူးခွံနှစ်ခုရှိသည်။
ရွက်နုဝေဖို့ မေ့လျော့နေသော သစ်ပင်တပင် ရှိသည်။ ဖုန်တက်နေသောပုတီးတကုံး
ရှိသည်။ ထက်ထက်မိုးဦးပုံပါသော ရွက်ဆုတ်ပြက္ခဒိန်တခုရှိသည်။ ငိုက်မျဉ်းနေသော ရက်စွဲ တချို့ရှိသည်။ အိုက်စပ်နေသော နွေဥတုတခုရှိသည်။
              သူ့ခန္ဓာကိုယ်ထဲမှာတော့ ပေါက်ပြဲနေသော သွေးကြောမျှင်တချို့ရှိသည်။
(အဲဒီသွေးကြောမျှင်တချို့ပေါက်ပြဲခဲ့လိ့လည်း သူလေဖြတ်သွားခဲ့ရတာမဟုတ်လား) လမ်းမများကို လွမ်းဆွတ်ရီဝေနေသော မျက်လုံးတစုံရှိသည်။ အေးခဲထုံကျင်နေသော ခန္ဓာကိုယ်တခြမ်းရှိသည်။ လေဖြတ် ထား၍ အမြဲတစေငြိမ်သက်နေသောခြေထောက်တဖက်ရှိသည်။ ပိုက်ဆံများများပေးလျှင် ပြုံးရွှင်နေတတ်သော ဇနီးတယောက်ရှိသည်။ တနေ့လုံးနေလို့ "နေကောင်းရဲ့လားဖေဖေ" ဟုစကားတခွန်း မေးဖော်မရသော သားသမီးသုံးယောက်ရှိသည်။ အတိုးရောအရင်းပါ ပြန်မဆပ်ရသေးသော ကြွေးအနည်းငယ်ရှိသည်။
နားထိုင်းပြီး ပစိပစပ်အလွန်များလှသောယောက္ခမတယောက်ရှိသည်။


၃။          ဖြတ်သန်းခြင်း


              လေမဖြတ်ခင်တုန်းကတော့ အလွန် ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝတခုကို သူ ပိုင်ဆိုင်ခဲ့ဖူးပါသည်။
         အဲဒီအချိန်တုန်းက လမ်းမတွေဟာ သူ့ရဲ့ယုံကြည်မှုတွေကို သန်မာတောင့်တင်းစေခဲ့ဖူးသည်။ ခရီးစဉ်တစ်ခုအတွက် ယာဉ်မောင်းထိုင်ခုံပေါ်မှာ ဝင်ထိုင်ပြီး စတီယာရင်ကို စူးစူးမြဲမြဲ ဆုပ်ကိုင်မိလေ တိုင်း သူ့ကိုယ်ခန္ဓာထဲမှာ စိတ်ချယုံကြည်မှုများဖြင့် အမြဲတမ်းပူနွေးလာခဲ့ဖူးသည်။ အဲဒီယုံကြည်မှုတွေနဲ့ပဲ ဆံပင်တွေ ဖွာလန်ကြဲပြီး အသားအရေနီစပ်စပ်နဲ့ လူတယောက်ရဲ့အတ္ထုပ္ပတ္တိကို လမ်းမတွေပေါ်မှာ သူ ရေးထိုးခဲ့ဖူးသည်။
              အဒီခွန်အားတွေနဲ့ပဲ ပျော်ရွှင်စရာ ကောင်းတဲ့မိသားစုဘဝတခုကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်လာခဲ့ရတာမဟုတ်လား။
အဲသလို စိမ်းလန်းတဲ့ရက်စွဲတချို့ကို ပိုင်ဆိုင်ဖို့အတွက် လမ်းမပေါင်းများစွာပေါ်မှာ နေ့ရော
ညပါ သူဖြတ်သန်းလာခဲ့ရတာမဟုတ်လား။
              သူဟာ လေမဖြတ်ခင်တုန်းက လှည်းဆွဲတဲ့ မြင်းတကောင်ထက်တောင် ပင်ပန်းခဲ့ တယ်ဆိုတာ အဲဒီလမ်းမကြီးတွေ အသိဆုံးဖြစ်ပါသည်။
              အခုတော့ လူတွေဟာ သူ့ကိုရော၊ သူ့အတ္ထုပ္ပတ္တိကိုရော မေ့လျော့ထားလိုက်ပုံရသည်။ သူ့ဘဝထဲမှာ အခိုင်အမာရှိခဲ့ဖူးသောလမ်းမတွေကိုလည်း အမှောင်ကမ္ဘာတခုထဲသို့  အပြီးတိုင် ကန်ချပစ်လိုက်ပုံရသည်။
ပြင်ပနှင့်ဆက်သွယ်မှုပြတ်တောက်နေသောသူ့ဝန်းကျင်သည် ချောက်ချားစရာကောင်းလောက်အောင် အမြဲတမ်းငြိမ်ဆိတ်နေလေသည်။      

            
၎။          တံခါးများ 
              သူ့ဘဝမှာ ပြတင်းတံခါးနှစ်ချပ်ရှိသည်။ တချပ်မှာ သူနှင့် သူ့မိသားစုကို အေးစက်စွာ ပိတ်ကာထားသော တံခါးဖြစ်ပြီး နောက်တချပ်မှာ သူနှင့်လောကကြီးကို ရံဆီးပိတ်ကာထားသော တံခါးဖြစ်သည်။
              တခါတရံ သူ၏ အခန်းကျဉ်းလေးထဲမှနေ၍ သူ့သမီးအကြီးမက မွေးထားသော မြေးမလေး၏ အော်ဟစ်ငိုယိုသံများကို ကြားရတတ်သည်။ တခါတရံ တနေကုန်ဖဲလည် ရိုက်နေသော သူ့သမက်၏ မူးမူးရူးရူးနှင့် ဆဲဆိုသံများကို ကြားနေရသည်။ တခါတခါတော့လည်း မျက်စိလည် လမ်းမှားပြီး သတင်းလာမေးဖော်ရသော မိန်းမဘက်က ဆွေမျိုးတချို့၏ စကားသံများကိုလည်း ကြားနေရတတ်သေးသည်။
              အဲဒီ သတင်းလာမေးတဲ့လူတွေဟာ သူ့ကို ဝင်ပြီးမကြည့်နိုင်လောက်အောင်
သူဟာ သူ့မိသားစုရဲ့ ဒုက္ခအရင်းအမြစ်တခုဖြစ်နေခဲ့ပြီလား။
              အဲဒီလိုစိတ်မျိုးဝင်လာလျှင်တော့ ကလေးငယ်လေးတယောက်လို ရှိုက်ကြီးတငင်နှင့် သူ ငိုကြွေးမိ သည်။ ငိုပြီးသွားလျှင်တော့ မောမောနှင့် သူအိပ်ပျော်သွားတတ်ပါသည်။
              သူ့မိန်းမကတော့ တနေ့လျှင် သူ့ဆီကို နှစ်ကြိမ်လာလေ့ရှိသည်။ နေ့လည်ထမင်း ပို့ချိန်နှင့် ညနေ ထမင်းပို့ချိန်တွင် လာခြင်းဖြစ်သည်။ ထမင်းပို့ချိန်ဟုဆိုသော်လည်း ထမင်းပေါ်တွင် ဟင်းအနည်းငယ် ပုံထားသောသံပန်းကန်ပြားတချပ်ကို သူ့ဘေးသို့လာချပေးခြင်းသာ ဖြစ်ပါသည်။
               ကျန်သည့်အချိန်များမှာတော့ သူ့မိန်းမ ဘယ်ကိုရောက်နေမှန်း သူမသိပါ။
သူ့မိန်းမနှင့်သူဟာ တအိမ်တည်းမှာနေပြီး ဘဝခြားနေခဲ့တာ ကာလအတန်ကြာမြင့်ခဲ့ပြီပဲ။
              သူ့သမက်ကတော့ ဖဲနိုင်လာသည့်ရက်မျိုးဆိုလျှင် လက်ဖက်ရည်လေး၊ မုန့်လေး၊ လိမ္မော်သီးလေး၊ ပန်းသီးလေး ဝယ်ခဲ့ဖော်ရသေးသည်။ ဟိုတလောလေးကတင်...
             " ကျွန်တော်တယောက်လုံးရှိပါတယ်အဖေရာ.....ဘာမှ အားမငယ်ပါနဲ့ " ဟုသူ့ကိုအားပေး ပြီး သူပိုင်သည့် စက်ဘီးလေးကို ဖဲပေါင်ရိုက်ခဲ့သည်။ အဲဒီတုန်းက သမက်လုပ်သူကို သံကုန်ဟစ်ပြီး ဆဲတော့ သမက်လုပ်သူက ဒါဟာ မိသားစုဘဝ ရှင်သန်လှပရေးအတွက် တိုက်ပွဲဝင်ရင်း လက်လွန် သွားတာပါဟု သူ့ကိုပြန်ပြောခဲ့သည်။ သေစမ်းပါကွာ.....အယုတ်တမာကောင်။
              ဒီလိုနှင့်ပဲ သူ့ဘဝဟာ နေ့တာတွေ ရှည်လျားခဲ့သလို ညတာတွေဟာလည်း စိတ်ပျက်စရာ ကောင်းလောက်အောင် ရှည်လျားလာခဲ့ပါသည်။


၅။           အိပ်မက်


              ငြိမ်သက်နေသော အနက်ရောင်မြွေများ။ လီဘာကို သူ ဖိနင်းလိုက်တိုင်း ကားအောက်ထဲ သို့ လျှောခနဲပြေးဝင်လာသော မြွေနက်များ၊ လမ်းဘေးမှ မိုင်တိုင်ဖြူဖြူလေးများ၊ ကဖေးဆိုင်များ၊ တည်းခို ခန်းများ၊ လေထိုးကျွတ်ဖာဆိုင်လေးများ၊ လိပ်ပြာမလေးများ၏တောင်ပံခတ်သံများ၊ ကားထဲသို့ လွင့်ဝင် လာသော မိုးရေစက်များ၊ မြူနှင်းပြာများ၊ မျှော်လင့်ချက်မိုးတိမ်များ၊ နှင်းခွဲမီးရောင်အောက်က ညများ၊ လွင့်ပြေးနေသောအလင်းတန်းများ၊ နေရောင်ဝတ်မှုန်များ၊ လရောင်ပန်းပွင့်များ၊ လူပေါင်းစုံ ကိုင်ထား၍ နံစော်ညစ်ပတ်နေသော ငွေစက္ကူများ၊ ငွေစက္ကူပေါင်းစုံနှင့် ထိတွေ့ထားသောကြောင့် ညစ်ပတ်နံစော်နေသော လူများ။ လူတချို့၏ ရယ်မောသံများ၊ လမ်းတချို့၏ ညည်းတွားသံများ၊ လူတချို့မောင်းနေသောကားများ၊ ကားတချို့မောင်းနေသော လူများ...............................
              သူ အိပ်မက်မက်နေရာက ဖျပ်ခနဲလန့်နိုးလာတိုင်း ဝါးထရံမှာ ကပ်ထောင်ထားသော ချိုင်းထောက်ကလေးက သူ့ကိုကရုဏာသက်စွာနှင့် ငေးကြည့်နေလေသည်။
တခါတခါတော့လည်း  ချိုင်းထောက်ကလေးဟာ အိပ်ပျော်နေတဲ့ သူ့ကိုယ်ပေါ်မှာ သူနှင့်အတူ အိပ်မောကျ လို့။


၆။           လမ်း


              တညမှာတော့ နားထိုင်းပြီး ပစိပစပ် အလွန်များသော သူ့ယောက္ခမကြီး၏ စကား တခွန်းကြောင့် သူ ဒေါသ တော်တော်ထွက်သွားသည်။
              "ငှက်ပျောတုံးကိုaဆးထိုးပေးတာကမှ လမ်းထလျှောက်ချင် လျှောက်လိမ့်ဦးမယ်။ ညည်းယောက်ျားကတော့ ဒီတသက်လျှောက်နိုင်ဖို့လမ်း မမြင်တော့ပါဘူးအေ။ အဲဒီတော့ ညည်း လည်း တောင်တောင် အီအီတွေလျှောက်တွေးမနေနဲ့။ နောက်ယောက်ျားတယောက်ယူချင်ရင် ကောက်သာ ယူလိုက်။
ဘယ်တတ်နိုင်ပါ့မလဲအေ။ သတ္တဝါတခု ကံတခုပဲပေါ့။ ဒီလိုချည်း စခန်းဆက်သွားလို့ကတော့ ဘယ်ဖြစ်မှာလဲ"
              ကြည့်စမ်း.....။ နှစ်ပေါင်းသုံးဆယ်ကျော် ကားမောင်းကျွေးခဲ့တဲ့ လူတယောက်ကို ဘေးမှာ ထားပြီး သူတို့ ဒီလိုစကားမျိုးကိုပြောထွက်ကြသလား။
              တချိန်တုန်းက သူဟာ သူ့မိသားစုအပါအဝင် လူတွေရဲ့ မျှော်လင့်ချက်မျိုးစုံကို နေပူမိုးရွာ မရှောင် ဆောင်ကြဉ်းသယ်ပိုးလာခဲ့တဲ့ လူမဟုတ်ဘူးလား။ သူ့မိသားစုအတွက် လမ်းမတွေပေါ်မှာ ဘဝမှတ်တိုင်တွေ မတ်မတ်ခိုင်ခိုင် တတိုင်ပြီးတတိုင် ထူစိုက်ပေးခဲ့တာတွေကို လွယ်လင့်တကူနဲ့ သူတို့မေ့လျော့ပစ်လိုက်ကြပြီလား။
              သူ့ကိုယ်ထဲမှာ ခုန်တိုးနေသောသွေးခုန်သံကို ဇူးလူးဗုံတိုခေါက်သံတခုလို
အဆက်မပြတ် သူကြားနေရလေသည်။
              အလကားလူတွေ.....လမ်းမတွေလောက်မှ သစ္စာတရားမရှိတဲ့လူတွေ။
              လမ်းမတွေလောက်မှ သူ့အပေါ်နွေးထွေးကြင်နာမှု မရှိတဲ့လူတွေ။
              သူ ပေါက်ကွဲပြီး အော်ဟစ်ရယ်မောပစ်လိုက်ချင်သော်လည်း မရယ်ဖြစ်ပါ။ ပြတင်းတံခါးရွက် မှ မြင်တွေ့နေရသော ညကိုသာ ငေးကြည့်နေမိသည်။ တအောင့်နေတော့ ကြယ်တွေသီးထနေသော ညကို ငေးရီကြည့်နေရင်းက ဝမ်းနည်းလာလေသည်။
           ညသည် ညဆန်စွာပင် အေးစက်စိမ်းနက်လျက်။
              နှင်းမှုန်နှင်းစက်လေးတွေ ဖွဖွညင်ညင်အိကျနေသော နောက်တနေ့ နံနက် စောစောမှာတော့ အသက်ကင်းမဲ့နေသောသူ၏ ခန္ဓာကိုယ်ကို ချိုင်းထောက်ကလေးနှင့်
အတူယှဉ်တွဲ၍ သူ့အိမ်သားတွေ တွေ့ရှိရပါသည်။
              အေးစက်တောင့်တင်းနေသော သူ့အလောင်းကို တွေ့ရှိခဲ့သောနေရာမှာ သူ့
အိမ်နှင့် အတန်လှမ်းသော အဝေးပြေးလမ်းမကြီးပေါ်၌ ဖြစ်လေသည် ။    ။

                              
                               နိုင်    ဝင်း     သီ

   ချယ်ရီ / ၂၀၀၂ ၊ မတ်လ

Comments