အန်နိုလာ - ရေခဲမြစ်အသေပေါ်မှာ

ရေခဲမြစ်အသေပေါ်မှာ
အန်နိုလာ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၁၄၊ ၂၀၂၁

လမ်းအတိုင်းလျှောက်သွားလို့မရတဲ့
ဖိနပ်တွေဟာ အံကြိတ်ထားကြတယ်။

ဖန်ကွဲစတွေလို အစိတ်စိတ်အမွှာမွှာ ဘဝက
အိမ်ကိုလွမ်းလိုက် အိမ်ကပြန်လွမ်းလိုက်နဲ့
အစီစဥ်က မကျ။

"တောအုပ်တွေ မီးလောင်နေခိုက်မှာ 
နှင်းဆီပန်းများအတွက် ပူဆွေးတမ်းတနေဖို့ အချိန်မရှိဘူး" 
*ဆလာဝက္ကီက ပြောတယ်။

တောအုပ်က မီးလောင်ပြီးသွားပြီ
နှင်းဆီအရိုးခြောက်တွေသာ
ကိုယ့်အလောင်း ကိုယ်ပွေ့ပိုက်ပြီး
ရွက်လွှင့်နေကြတာ။

မျက်လုံးထဲက မျက်ရည်ထွက်မလာတော့ဘူး
သွေးကြောထဲက သွေးတွေထွက်မလာတော့ဘူး
အသံကြိုးထဲက အသံတွေဟာ တုန်ခါ
တုန်ခါသထက် တုန်ခါပြီး ထွက်လာတယ်
"လေထုထဲမှာ မျက်ရည်တွေ စွန်းနေတယ်"
မေမေရေ...
မိုးသားတွေဟာ ခုထိအသက်ရှူမဝသေးဘူး။

Dec 13 2021
*Slawacki

Comments