သစ်ခက်သံလွင်ကဗျာ - လင်းသက်ငြိမ် " ကိုယ်တို့ဘက်က ဘုရားသခင် "

fineartamerica.com
သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၆၊ ၂၀၂၁

 " ကိုယ်တို့ဘက်က ဘုရားသခင် "
လင်းသက်ငြိမ်


ဘုရားသခင်ကို အရေးပေါ်လိုအပ်လာတဲ့အချိန်ပေါ့
လူတွေအပြေးအလွှားဘုရားသခင်အရှာထွက်ကြတယ်
ဘုရားသခင် ဘုရားသခင်
လွင်ပြင်ချိုင့်ဝှမ်းတောတန်းများ
စိမ့်စမ်းလျှိုမြောင်ချောက်ကမ်းပါး
ဘုရားသခင်ကိုရှာပေမယ့်
ဘုရားသခင်ကိုမတွေ့
ဘုရားသခင် ဘုရားသခင်
ဘုရားသခင်ကရှာရခက်လိုက်တာကွာတဲ့
တညည်းညည်းတညူညူလူများ
အမိုက်တိုက်ကြီးဟာ မှောင်မည်းဆို့ပိတ်
အလင်းရောင်ဟာ သူခိုးလက်ထဲပါသွားပြီ
လမ်းညွန်ဆိုင်းဘုတ်တိုင်းမှာငရဲသို့လို့ရေးထားကြတယ်
ဘုရားသခင်လာရင် အားလုံးပြီးသွားမလို
ဘုရားသခင်ကိုမျှော်ကြ
ဘုရားသခင်ရောက်ရင် ကြွေသွားတဲ့ပန်းကလေးတွေ အပင်ပေါ်ပြန်ရောက်မလို
ဘုရားသခင်ကိုမျှော်ကြ
ဘုရားသခင်ဘယ်မှာလဲ
ဘုရားသခင် ဘယ်မှာလဲ
ကိုယ့်ခြေထောက်နဲ့ကိုယ်ပြေးပြီး
ကိုယ့်ဝပ်ကျင်းကလေးထဲကိုယ်ခိုဝင်
နှလုံးသားပေါ်လက်တင် ခဏကလေးငြိမ်သက်
ဘုရားသခင်ဆိုတဲ့ အဓိပ္ပာယ်ကိုသွားတွေ့တယ်
ကိုယ့်အတွင်းထဲမှာ ငြိမ်နေတဲ့ဘုရားသခင် 
ကိုယ့်အစားအစာကိုယ် ကိုယ်တိုင်စား
ကိုယ့်အင်္ကျီကြယ်သီးကိုယ် ကိုယ်တိုင်တပ်
ကိုယ့်လွတ်လပ်မှုကိုယ် ကိုယ့်ဘာသာတိုက်ယူ
ကိုယ့်တော်လှန်ရေးကိုယ် အလံတလူလူလွင့်
ကိုယ်မကောင်းရင် စေတန်နတ်ဆိုးဟာကိုယ်ပါပဲ
ကိုယ်ကောင်းရင် ဘုရားသခင်ဘယ်မှမရွေ့ ။

Comments