ထန်တလန်
မိသက်ထား
ဒီတောင်တန်းတွေ ရှိရာ အိပ်မက်
ဒီတောင်တန်းတွေပေါ်က ရိုးသားတဲ့ မျက်နှာ
ဒီတောင်တန်းတွေပေါ်က ယဉ်ကျေးမှု
ဒီတောင်တန်းတွေရဲ့ မက်မပြေ အလှတရား
ဒီတောင်တန်းတွေ ဖြိုဖျက်တော့
ငါတို့ အမိမြေအတွက် မျက်ရည်စက်တွေဟာ
မိုးမဆုံး မြေမဆုံး ချစ်ခြင်းတရားတို့ လောင်မြိုက်ခြင်း
မီးခိုးတွေထဲက အသက်ပြင်းပြင်းရှူသံ
မိုးစက်များရေ .....
ငါတို့လက်များအား မိုးရေစွတ်စိုခွင့် ပေးသနားပါ။
2021. 10. 30
...
အိမ်
သိင်္ဂီလွင်မော်
အာရုံလာပြီ ရောင်နီဖြိုးဖျ
တက်ကြွလန်းဆန်း ချီတက်ကြစမ်း
ဝမ်းစာရေးမို့ နေပူမိုးရွာနှင်းခါးကြွေလဲ
မရှောင်သာပဲ စားကျက်ရှိရာ ရောက်ရပါသည်၊
နေဝင်ပါပြီ ရေင်နီညှိုးလျ
အားလျော့ပင်ပန်း နေစမ်းပါစေ
ခြေလှမ်းတွေက မြန်ဆန်သွက်လက်
လှမ်းချက်ကညီ တို့ "အိမ်" ဆီ။
သူခိုးသူဝှက် တိုက်ခိုက်လုယူ
ယုတ်မာရိုင်းစိုင်း လူ့ဘလိုင်းတွေက
ဖျက်ဆီးပြန်ရာ တို့အိမ်ယာတွေ
ဟစ်အော်ငိုကြွေး ကူပါမေးလဲ
အဖြေရောက်တာ နောက်ကျပါပြီ
ပြာပုံအတိ ပြန်စရာမရှိ "အိမ်" နတ္ထိ။ ။
" ထန်တလန်မြို့ကလေးနှင့်အတူ -သိင်္ဂီလွင်မော်,ဘာလင်မြို့“
29.10.2021
...
တောင်ပေါ်သားကြီး ထန်တလန်
နေချိုသွေး
ထန်တလန်ဟာ
ဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့
ယမ်းငွေ့မီးခိုးတွေကြားမှာ
အသက်ကို ပင်ပန်းကြီးစွာ ရှိုက်ရှူနေရပြီ...။
ထန်တလန်ရေ...
သင့်ရဲ့ မျက်ရည်ဟာ
ကျုပ်တို့ရဲ မျက်ရည်ပါပဲ
အာဏာရှင်တွေရဲ့လုပ်ရက်
သွေးကြွေးကို သွေးကြွေးနဲ့ဆပ်ကြတာပေါ့...။
တောင်ပေါ်မှာ ဒဏ်ရာရ သွေးမြေကျတဲ့အခါ
တောင်အောက် မြေပြန့်ကလည်း နာကျင်ခံစားရပါတယ်
မြေပြန့်မှာ သွေးမြေကျ ဒဏ်ရာရတဲ့အခါ
တောင်ပေါ်ကလည်း နာကျင်ခံစားရမှာပါပဲ...။
တောင်ပေါ်သားကြီး ထန်တလန်ရေ...
ထန်တလန်ကို ‘ထိ’တာ ကျုပ်တို့အားလုံးနဲ့ ‘ငြိ’တာပါပဲ။
ဟို...
တောင်ရိုးပေါ်က
အောက်ချင်းငှက်တို့ရဲ့ ကျူးရင့်သံတွေက
တိုက်ပွဲခေါ်သံတွေ
တိုက်ပွဲခေါ်သံတွေက ကျုပ်တို့ရဲ့ အလံတော်လည်းဖြစ်ရဲ့။
တောင်ဇလပ်တွေ နီတယ်ဆိုတာ
တော်လှန်ရေးရဲ့ အသက်သွေးကြောမို့လို့ ရဲရဲနီတာ...
အနိုင်မခံ အရှုံးမပေးတဲ့
“တူမီး”စိတ်ဓာတ်မို့လို့ သွေးကိုက ရဲရဲနီတာ...
ပြာပုံထဲက ရုန်ထလာမယ့် ထန်တလန်ရဲ့ ကြွေးကြော်သံ
မီးညွန့်မီးတောက်တွေကြားက ထန်တလန်ရဲ့
ရုန်းထကြွေးကြော်သံတွေက ဘဝဂ်တုန်အောင် ဟိန်းလို့...။
Comments
Post a Comment