သစ်ခက်သံလွင်ကဗျာများ - စေတ၊ ဇာနည်၊ မိုးမြင့်ယံ

Photo - Crd

သစ်ခက်သံလွင်ကဗျာများ 
အောက်တိုဘာ ၃၀၊ ၂၀၂၁

'' ထန်တလန်သို့တေးချင်း ''
စေတ


ဖိနှိပ်မှုက တစုံတရာကို
အဆုံးသတ်နိုင်တယ်ဆိုတဲ့လောဂျစ်အမှားက နှလုံးသားတွေကို မီးရှို့တော့တာပဲ
နှလုံးသားတွေထဲက 
သူပုန်ဂီတ (ဝါ) တော်လှန်တေးကိုကျူးရင့်တဲ့
သံစဉ်သစ်တွေ အဆက်မပြတ်ထွက်ပေါ်လာနေခဲ့တယ်
မတရားမှုဟာ 
နျူကလိယ သိုလှောင်သေတ္တာ တလုံးထဲမှာ
မကောင်းတဲ့အစီအစဉ်ခုနဲ့ 
ဉာဏ်နီ ဉာဏ်နက်ထုတ်နေတဲ့ ကျားဆိုးတွေရဲ့
အစာအိမ်ထဲမှာ
ဝါယာကြိုးလိုခွေခေါက်နေတယ်
ထန်တလန်ရေ 
သင်မီးလောင်ရင် အားလုံးလောင်တာပဲ
သင်အစာရေစာပြတ်ရင် အားလုံးပြတ်တာပဲ
သင်ကျည်သင့်ရင် အားလုံးသင့်တာပဲ
သင့်နာကျင်မှုမှာ 
ဘယ်တော့မှ အဲဒီသံစဉ်မဆုံးဘူး
သာယာနာပျော်ဖွယ်ကောင်းတဲ့ ဓမ္မအသံဟာ
သင့်ဒဏ်ရာပေါ်မွှေးပျံ့ လာပါစေ
ငြိမ်းချမ်းရေးတေးဟာ 
သင့်ရင်ထဲထထွက်ပေါ်လာပါစေ။   ။

၃၀-၁၀-၂၀၂၁

...


'' ထန်တလန်ဟာ ငါတို့ရဲ့မြို့..''
ဇာနည်

ထန်တလန်က
အိမ်တွေဟာ
ငါတို့ရဲ့အိမ်..
 ထန်တလန်
ပြည်သူတွေဟာ
ငါတို့ရဲ့ပြည်သူ..
ထန်တလန်မှာ
လောင်ကျွမ်းခဲ့တဲ့မီးဟာ
ငါတို့ကိုလောင်ကျွမ်းခဲ့တဲ့မီးတွေဘဲ..
ဒီ အဖြစ်အပျက်တွေကို
ငါတို့ဘယ်တော့မှ
မေ့ပျောက်သွားမှာမဟုတ်ဘူး..
ဒီ မြင်ကွင်းတွေကို
ငါတို့ရဲ့မျက်လုံးအိမ်ထဲက
ဘယ်တော့မှထွက်မှာမဟုတ်ဘူး..
ဒါတွေဟာ
ငါတို့အတွက်
ကမ႓ာကြေသော်လည်း
ဥဒါန်းမကြေတဲ့ဖြစ်ရပ်တွေဘဲ..
ဒီ့ အတွက်
ငါတို့ဟာရွှေပြည်အေးဝါဒနဲ့
စေ့စပ်ဆွေးနွေးရေးကို
ဘယ်တော့မှလက်ခံလိမ့်မည်မဟုတ်..
ဒီ့ အတွက်
တရားမျှတမူ့နဲ့
အပြစ်ဒဏ်ကိုသာ
ငါ့တို့အလိုရှိတယ်..
အို..
သွေးချင်းညီနောင်အပေါင်းတို့
ငါတို့အတွက်
အဆုံးသတ်တိုက်ပွဲကို
ဆက်ဆင်နွဲရန်မှတပါးအခြားမရှိပြီ..။။

(၂၇-၁၀-၂၀၂၁)

...

'' ထန်တလန်  ''
မိုးမြင့်ယံ

တောင်တန်းတွေပေါ်မှာ
ထတောက်တဲ့ မီးညွှန့်တွေက
မြေပြန့်ရဲ့ ရင်ခွင်ထဲမှာ
တဟုန်းဟုန်းနဲ့ ရိုက်ခတ်လောင်မြှိုက်

အောက်ချင်းတွေရဲ့ ရာဇဝင်နဲ့
ပါးရဲတို့ရဲ့ သမိုင်းကိုတော့
အမြောက်ဆန် ဗုံးသံတွေကြားက
 မီးညွှန့် မီးတောက်တွေအောက်
ဘယ်တော့မှ ဖျောက်ဖျက်လို့ရမယ်မထင်ပါနဲ့

ပြာပုံထဲက တိုးထွက်လာတဲ့ 
ဖီးနစ်ငှက်တွေ ရဲ့ သမိုင်းမှာ
အန္ဓမိစ္ဆာတွေကို သွေးပျက်ထိတ်လန့်စေရမယ်

ငါတို့ အားလုံးဟာ ထန်တလန်ရဲ့သွေး
ငါတို့အားလုံးဟာ ချင်းတို့ရဲ့ သမိုင်းသစ်
ထန်တလန် ရေ .....
တရားကို တရားချင်း
ဓားကို ဓားချင်း
ဟန်မူရာဘီ ရဲ့`` ကိုဓဥပဒေ ´´ အတိုင်း
စစ်တိရစ္ဆာန်တွေရဲ့ သွေးနဲ့
ထန်တလန် ကို ပြန်လည်ဆေးကြောကြမယ်
ငါတို့ အတူ အားတင်းရုန်းထကြပါစို့
ထန်တလန် ......... ။

30 . Oct . 2021

Comments