သစ်ခက်သံလွင်အက်ဆေး - သုထက်စျာန် '' မိစ္ဆာ နှင်ပွဲ ''

zlatkomusicart.wordpress.com
သစ်ခက်သံလွင်အက်ဆေး
အောက်တိုဘာ ၁၃၊ ၂၀၂၁

'' မိစ္ဆာ နှင်ပွဲ ''
သုထက်စျာန်

မိုးခြိမ်းသံတွေနဲ့ နွေတညက မုန်တိုင်းဝင်လာခဲ့တယ်။ စိုရုံတင် ရွာတာမျိုးမဟုတ်ခဲ့။ လျှပ်စစ်စီးကြောင်းတွေက ပတ်လည်ဝိုင်းလျက်။ ခြံတံခါးကို သော့ခတ်ထားပေမယ့် မလုံခြုံခဲ့ဘူး။ နှစ်သစ်ဟာ ခဏနဲ့ ဟောင်းခဲ့ရပါတယ်။ လူကျွံဘောမှန်းသိသိနဲ့ ပေးလိုက်ရတဲ့ဂိုးက ရင်နင့်စရာ။ အားလုံးက လက်သင့်မခံခဲ့ကြ။တွေ့လား။ နွေကန္တာရကြီးထဲ အလိုလိုထပွင့်လာတဲ့ပန်းတွေ။ ချစ်စရာကောင်းတယ်။
    
ချိန်သားကိုက်ဗုံးတလုံးက အသက်၊အိုးအိမ်များစွာ ပျက်စီးစေခဲ့ပြီ။ အရှိန်ရနေတဲ့ပြေးလမ်းပေါ်မှာ ဆူးခပ်တို့ကို ပက်ကျဲလို့။ လိုရာပုံသွင်းနိုင်ဖို့ အမှောင်ကမ္ဘာကြီးဆီ ပြန်၍ အသက်သွင်းခဲ့တယ်။ စဉ်းစားဆင်ခြင်နိုင်မှုမရှိသော နောက်ကြောကဓားဟာ သစ္စာစောင့်စည်းမှု မရှိခဲ့။ အရိပ်နေနေအခက်ချိုးချိုး။ သြော်...လူမဆန်ခဲ့လေခြင်း...။
 
မတရားမှုအတွက် လမ်းမထက်ဆီမှာ ကြက်ပျံမကျတဲ့ ကြွေးကြော်မှုတွေက ကြက်သီးထဖွယ်ပေါ့။ အရူးတစ်ယောက်ရဲ့အရူးထမှုတွေက နိုင်ငံတခုလုံးအကျဉ်းကျခဲ့တယ်။ ရက်စက်ယုတ်မာမှုတို့ကို ဖာထေးပေမယ့် အရာမထင်။ လူရာမဝင်တဲ့ လက်မှတ်တခုနဲ့ ။ ဟန်ဆောင်ထားရတဲ့ လေထိုးရုပ်တခု။ မကောင်းမှုဟူ သည်ကား ထိတ်လန့်ချောက်ခြားစရာ လက်ဆောင်အပြည့်ရှိလျက်။
 
ပျောက်ကွယ်စပြုလာတဲ့ ကပ်ရောဂါဆိုးကို လက်နက်တခုအဖြစ်တပ်ဆင်ခဲ့တယ်။ အစစအရာရာ ပြိုပျက်ခဲ့တဲ့ ဇုန်ကြီးထဲ ဒုက္ခကို ဆက်တိုက်သွတ်သွင်းလို့။တချို့သူတွေရဲ့ နှုတ်ဆက်ခြင်းဟာ အချိန်မတန်ခဲ့။ အသက်ကိုလုနေရင်း အသက်ကိုဝဝရှူခွင့်မရခဲ့။ မသတီစရာကောင်းတဲ့နေ့တွေညတွေဟာ မိစ္ဆာတွေဖန်တီးထားတဲ့ အကျည်း တန်ပွဲတော်တခုပေါ့။ ကံဆိုးမှုတွေက အခုထိ အမြစ်ဖျက်မရနိုင်သေးဘူး။ နာတာရှည်ဖြစ်နေတဲ့ နိုင်ငံတော်ကြီးဟာ အခုချိန်ထိ အိပ်ရာထဲမှာ .........။
          
  နိုင်ငံတခုလုံးက လော့ဒေါင်း။အနာဂတ်တွေဟာ ဖရိုဖရဲ။ ရည်ရွယ်ချက်ရှိရှိ ဖန်တီးယုတ်မာမှုတွေက ဘဝပေါင်းများစွာကို ဒုက္ခပင်လယ်ဝေခဲ့ပြီ။ နှိုင်းယှဉ်စရာ စကားလုံးတို့ကားမရှိ။
မကောင်းမှုတွေက ပိုပြီးသက်ဆိုးရှည်နေခဲ့။ ဓမ္မနဲ့အဓမ္မမှာအမြဲတမ်း ဓမ္မက အနိုင်ရတယ်ဆိုသော်လည်း အခုထိ မတရားမှုတွေရဲ့အရိပ်အောက်မှာ။
         
 ကိုယ့်သက်ပြင်း​တွေနဲ့ကို တင်းထားရတဲ့ အသက်ရှူနှုန်းတွေ။ နှစ်သစ်ကူးတေးသံတို့ ခဏလေးနဲ့ အသံတိတ်ခဲ့။ အားလုံးရဲ့တံတွေးခွက်ထဲမှာ အရှက်မဲ့သူတို့၏ လုပ်ရက်တွေက အရှိန်မပျက်။ ကမ္ဘာကြီးကအိပ်မောကျနေတယ်။ အိပ်မက်တို့ကား အိပ်မက်မဆန်ခဲ့။ အကျဉ်းကျခံနေ့ရက်များ။ တစ်ဦးမျက်ရည် တစ်ဦးကြည့်နေရတဲ့ အံကြိတ်မှုတွေ။

 ကုန်ဆုံးတော့မယ့်မိုးနဲ့အတူ ဆောင်းကိုကြိုလင့်နေခဲ့ပြီ။ ဆောင်းအဝင်မှာ မိစ္ဆာတို့ရဲ့သက်တမ်းတွေကုန်ဆုံးပါစေ။ စီးကျလာမယ့်နှင်းရည်စက်တွေမှာ အမှန်တရားတို့တွဲခိုနိုင်ပါစေ။ ပွက်ပွက်ဆူနေတဲ့လမ်းမှာ သူရဲကောင်းတို့ကရဲရဲတောက်ခြေလှမ်းတွေနဲ့ ။ ပျောက်နေတဲ့လမ်းမှာ၊ ပျောက်နေတဲ့တရားကိုရှာပြီး အသက်တွေကို ထပ်ခဲ့ကြတဲ့သူရဲကောင်းတို့ကား အလေးပြုလျက်။

 ရှည်ကြာလွန်းတဲ့ ပြက္ခဒိန်တွေထဲ ဒီနှစ်က ပြဿဒါးတွေ ထူလွန်းပါတယ်။ ထိုးထွက်လာတဲ့ ရောင်နီလေးက အိပ်မက်တို့ရဲ့နိဒါန်းပေါ့။ တရားသောစစ်အတွက် သဲတစ်ပွင့်ဖြစ်ဖြစ် ပျော်ဝင်စီးဆင်းခွင့်တွေ နေရာတိုင်းမှာ လိုအပ်လျက်။ မခုတ်ရဲတဲ့ လက်တွေက ဓားသွေးကျောက်အဖြစ် ရှိပေးပါ။ လိုအပ်နေမှုတိုင်းအတွက် နိုင်သ၍ဝန်ကို ကူပြီးထမ်းမှသာ နွေဦးတော်လှန်ရေးဟာ အောင်မြင်စွာပြီးဆုံးနိုင်လိမ့်မယ်။ အိပ်မက်တွေက စျေးကြီးတာပေါ့။ ငါတို့ သွေးနီးဖို့လည်း လိုပါတယ်။
 

ဘုရားသခင်ထံ မက်စ်ဆေ့ပို့ခြင်း
_______________________

တောအုပ်ကြီးထဲ
တောမီးရှို့သူက ဘုရင်ခံထားတယ်

စမ်းချောင်းလေးမှာ ပန်းပွင့်တွေက
နွေနဲ့ အတူကနေတယ်
တစ်တောလုံး ရနံ့ဝေဖို့အတွက်

တောမီးတွေလောင်
တောကြောင်တွေလက်ခမောင်းခတ်တော့
နွေဟာ
မျက်ရည်စက်လက် သွေးစက်လက်

မဖြောင့်တဲ့မျဉ်းပေါ်မှာ
လက်ဖြောင့်သေနတ်သမားတွေရှိတယ်

တောအုပ်ကြီးမှာ
ခွေးအူသံတွေနဲ့ ရုပ်ဆိုးအကျည်းတန်ပြီ

တောကနက်တော့ ခြေသံကိုလုံလုံလျှောက်နေကြရ
ခြင်လည်း အန္တရာယ်ရှိသလို
ယင်လည်း အန္တရာယ်ရှိတာပဲ

တောကခြောက်တော့ တောကိုမှောက်ပစ်
မတရားတဲ့ စစ်မှာ
အရှင်ဘုရား........
တရားသောစစ်ကို ချစ်ပေးပါ။ ။

သုထက်စျာန်

17.9.2021

Comments