သစ်ခက်သံလွင်အက်ဆေး
အောက်တိုဘာ ၁၂၊ ၂၀၂၁
'' လွင့်ဝေးကျန်ခဲ့သော အလွမ်းရဲ့ အပိုင်းအစ ''
မိုးမြင့်ယံ
မြို့ကလေး ရဲ့ ညသည် တိတ်ဆိတ်ငိုက်မြည်းစွာ အိမ်ကနေ ထွက်လာရာ လမ်းတလျှောက်၌ ကျွန်တော်သည် ကျောပိုးအိတ်တစ်လုံးထဲ အလွမ်းတွေတနင့်တပိုးထည့်ပြီး သူမ ရဲ့ ဆိုင်ကယ်နောက်မှ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာခဲ့သည် ။
မကြာမီ မြို့ကလေး ၌ ကျွန်တော် ရဲ့ တကိုယ်တော် အပြန်ခရီးအတွက် စီးနင်းဖို့ရန် Express ကားကြီးသည် ဆိုက်ရောက်လာတော့မည် ။
ည ရှစ်နာခွဲ ဝန်းကျင်ဆိုသော်လည်း နယ်မြို့လေးတွေရဲ့ ထုံးစံအတိုင်း အမှောင်ထုအောက်၌ တိတ်ဆိတ်ငြိမ်စွာ ၊ ထိုအရာသည်ပင် ရင်၌ နင့်နင့်စူးစူး ဖြင့် လွမ်းမောပျော်ဝင်နေမိပြန်သည် ။
လမ်းမီးတိုင် မှိန်မှိန် တို့သည် မြို့ကလေးရဲ့ လမ်းမတွေပေါ် ထက် ဟိုနေရာတကွက် ဒီနေရာတကွက်နဲ့ ကျိုးတိုးကြဲတဲ လင်းမြနေ သကဲ့သို့ တခါတရံ သူမ နဲ့ ကျွန်တော့် ဘေးနားမှ ဆိုင်ကယ်တစီးတလေ ဖြတ်သန်းသွားသည်ကို တွေ့ရတတ်ပြန်ပြီ ။
ထိုနယ်မြို့လေးရဲ့ ပူပြင်းတဲ့ နေရောင်တွေအောက်မှာပဲ သူမနဲ့အတူတကွ လက်သုံးချောင်းကိုထောင်ပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတယ် မြို့ကလေးရဲ့ မြွေတကောင်လို တွန်လိပ့်ခွေခေါက်နေတဲ့ ကတ္တရာလမ်းမတွေအထက် သူမနဲ့ အတူတူ အသံတို့ ပြာလွင့်တိမ်ဝင်အောင် `` ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး ´´
`` ဒီမိုကရေစီ ရရှိရေး ´´ `` ဒို့အရေး ဒို့အရေး ´´ ဟစ်ကြွေးတောင်းဆိုခဲ့ရသောနွေဦးရဲ့ တော်လှန်နေ့ရက်တွေမှာ သူမဟာ ကျွန်တော်နဲ့ တသားတည်း စီးမျောပျော်ဝင်ခဲ့ဖူးပါရဲ့ ။
ခုတော့ သူမကို တယောက်တည်း ချန်ထားခွဲရစ်ကာ ကျွန်တော်တို့၏ အနာဂတ်နေ့ရက်သစ်များအား ထုဆစ်ပုံဖော်ဖိုရာ လွင့်မျောခြင်းခရီးစဉ်တခုကို စတင်ရပေဦးတော့မည် ။
နာရီလက်တံတို့၏ ရွေ့လျားမှုသည်ပင် မြန်လွန်းနေသည်လား မသိနိုင်ပြန် ၊ ခွဲခွါရခြင်း၌ စက္ကန်သံ၏ အသွားနှုန်းသည်ပင် ကျယ်လောင်လွန်းလှပေသည် ။
ကိုးနာရီ ထိုးလျှင် ကျွန်တော်သည် သူမ ကို ချန်ထားရစ်ခဲ့ကာ အဝေးပြေး လမ်းတွေအပေါ် သို့ ရွက်လွင့် ခရီးနှင်ရပေတော့မည် ပင်ဖြစ်သည် ။
အခြေနေ အကြောင်းကြောင်းတွေကြောင့်သာ သူမအား ချန်ထားခွဲရစ်ပြီး ပြန်ခဲ့ရပေမဲ့ တကယ်တမ်း ပြန်ချိန်နီးကပ်လာတာနဲ့အမျှ ရင်သည် နာကျင်လှုပ်ခတ်ကာ နှုတ်ဖျားတို့သည် လေးလံလွန်းစွာ စကားတို့ ဆွံ့အနေပြန်သည်ပင် ။
ဆိုင်ကယ်ကို ဒေါက်ထောက်ပြီး ယှဉ်တွဲရပ်နေပါလျက် `` ဟိုရောက်ရင်လည်း အရင်လိုမဆိုးပါနဲ့တော့ ယောကျ်ားရယ် ´´ တဲ့ သူမ၏ အသံသည်ပင် တိုးဖျော့လွန်းနေသည်လား ?
ကျွန်တော် ၏ အတွေးစတို့၌ အလွမ်းတို့ အုပ်ဖုံးထားလေသည်လားမသိနိုင်စွာ တိုးလျလွန်းနေသောအခါ သူမ ၏ မျက်နှာကိုသာ လမ်းမီးရောင်မှုန်ဖျဖျ အောက်မှာ ဆွေးရီစွာငေးနေမိရင်း ဦးခေါင်းကိုသာ ငြိတ်ပြနေမိပါရဲ့ ။
ကျွန်တော် နဲ့ သူမ ကားအလာကို ရပ်စောင့်နေသော နေရာသည်ပင် မြို့ကလေး ရဲ့ နာရီစင်ကို ရှင်းလင်းစွာ မြင်နေရသည် ။
အဝေးက လှမ်းကြည့်ရင် မြင်နိုင်သော အဏုမြူစိမ်းရောင် နာရီလက်တံတို့သည် မကြာမီ မှာ ကိုးနာရီ သို့ ညွှန်ပြရန် နီးကပ်လွန်းပေသည် ။
သူမ ဘက်သို့ လှည့်ငေးအကြည့် မှိုင်းညှို့နေသော သူမ ရဲ့မျက်နှာ ကို မြင်လိုက်ရတဲ့ ခဏ ရင်သည် စစ်ခနဲ နာကျင်စွာ ထိုအချိန်မှာပင် ကျွန်တော့်အား တင်ဆောင် ထွက်ခွါ မည့် Express ကားကြီးသည် ကျွန်တော့တို့ ဘေးသို့ ဆိုက်ရောက်လာခဲ့ပေပြီ ။
တကယ်ဆို သူမ ရဲ့ နဖူးလေးထက် ညင်သာဖွဖွ အနမ်းပေးပြီး ကားပေါ်သို့ လှမ်းတက်ရမှာဖြစ်ပေမဲ့ ဆို့နင်နေသော ရင်သည် ဘာတခုမှ လုပ်ဆောင်ခွင့် မပေးခဲ့ပါ ။
သူမ ရဲ့ ပခုံးလေးထက် လက်တဖက်တင်ရင်း `` ယောကျ်ားသွားတော့မယ်နော် ကျန်းမာရေးကို ဂရုစိုက်ပါကွာ ´´ ဆိုတဲ့ စကားတစ်လုံးကို အသံတွေမတုန်အောင်သာ ထိန်းပြောရင်း ကားပေါ်သို့ လှမ်းတက်ခဲ့ရလေသည် ။
ကားပေါ်သို့ ရောက်တဲ့အချိန်ခဏ တုန်ရီနေသော လက်အစုံတို့ဖြင့် ကျွန်တော့် ထိုင်ခုံဘေးတံခါးကို ဖွင့်ပြီး တရွေ့ရွေ့ထွက်ခွါနေသော ကားကြီးရဲ့ ပြတင်းပေါက်မှနေ၍ စောင်းငဲ့ကြည့်မိသောအခါ သူမ သည် လမ်းမီးတိုင် မှုန်ပြပြအောက်မှာ တကိုယ်တည်း ထီးထီးမားမား ရပ်ကျန်နေခဲ့သည်လေ ။
ကားကြီး ရဲ့ ရွေ့လျားမှုကြောင့်များ အမြင်တွေမသဲကွဲတော့တာလား သို့တည်းမဟုတ် ကျဆင်းလာသော မျက်ရည်များကြောင့်လား မသဲကွဲစွာ သူမသည် ကျွန်တော် အမြင်၌ မှုံရီဝေဝါးစွာ ကျန်နေရစ်ခဲ့ရလေပြီ ။
ဒီလို ခေတ်ဆိုးခေတ်ကြပ်ကြီးထဲမှာမှ ဖျားနာနေသော ဘဝတွေ နာလန်ထူနိုင်ဖို့ အရေး မိသားစု အသိုက်အမြုံနဲ့ ဝေးရာသို့ ရွေ့ပြောင်းခဲ့ရသော ကျွန်တော်လို့ လူမျိုးတွေ ဘယ်လောက်တောင် များလွန်းနေပြီလည်း မသိနိုင်တော့ပါလေ ။
မျက်ရည်တို့ကို တို့သုတ်ရင်းနဲ့သာ တကိုယ်ရေကြိတ်ရှိုက်ကာ ဖြင့် တရွေ့ရွေ့ ဝေး .... လွင့်... လွင့် ... လွင့် .....
မိုးမြင့်ယံ
20 . Aug . 2021
6 . Oct . 2021
ဝေဒနာနေ့ရက်များ
Comments
Post a Comment