သစ်ခက်သံလွင်ကဗျာ - အောင်ကောင်းမြစ် " လုံခြုံရေး " ၊ မွန်သွေးဏီ " ဝိရောဓိ နှစ်တွေ "

abstractexpressionism.wordpress.com
သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၂၊ ၂၀၂၁

" လုံခြုံရေး "
 အောင်ကောင်းမြစ်


မဟာတံတိုင်းကြီး ကာလိုက်တော့ လုံသွားရောလား
ရင်ပြင်နီကြီး ခြုံလိုက်တော့ နွေးသွားရောလား
ဘယ်သူက တာဝန်ယူမယ့်အရေးလဲ
ရာဇဝင်ဆရာတွေ ရေးချင်ရာရေး
တယောထိုးနေရရင် ပြီးရောလား
ငါတို့သာအမိ ငါတို့သာအဖပဲလား
အခြားတစ်ဖက်၌
ငါတို့မှာ ငါတို့ပဲရှိတယ်လား
နှာစေးဖော် နှာစေးဖက်တွေက
ယုန်တွင်းရေးလို့ ကုန်းအော်နေတုန်းလား
အခြားတစ်ဖက်၌
ကမ္ဘာကြီး၏ ပုံပြောကောင်းသောအဖိုးအိုများ
ဆန်ဖွပ်နေတုန်းလား
ပကတိမြေပြင်အခြေအနေအရ
ဤရေမြေလေထုအောက်၌
မည်သို့သောပုဂ္ဂိုလ်မဆို
သံကွန်ချာအထပ်ထပ် ကာထားလည်း
အသက်တွေ နေစရာမရှိ။

30.9.2021
Thus: 3:27 pm

...

" ဝိရောဓိ နှစ်တွေ "
မွန်သွေးဏီ

တိတိကျကျ ပြတ်ကျသွားတဲ့ကြိုးက
သုံးလွန်း မကဘူး....

တစ်ယောက်ကို တစ်ယောက် 
ထိုးခဲ့တဲ့ဓားမှာလည်း 
ပျော်ရွှင်မှု မပါဘူး....

သူ့ဝပ်ကျင်းလေးထဲ သူက 
ပုန်းနေတဲ့အချိန်မှာ
ကိုယ့်ဓားသွားပေါ် ကိုယ်ကလည်း 
လမ်းလျှောက်နေခဲ့တယ်..

ဒဏ်ရာက တစ်ယောက်တစ်လမ်း
မောင်းနေပေမဲ့လည်း
နာကျင်မှုက ခေါင်းချင်းဆိုင်တိုက်ရတဲ့ 
ကြေကွဲမှုပေါ့...

အပို အလို မရှိတဲ့
"ကံ"ပစ်မြား လက်လက်ဆက်ဆက်တွေက
ရင်ဝမှာ
နောက်ကျောမှာ
တစ်ပင်နဲ့တစ်ပင် သစ်ရွက်တွေ ပြိုင်ကြွေကြသလိုမျိုး
ငါတို့ ငိုခဲ့ရတဲ့ နှစ်တွေပေါ့...

ဒီနှစ် ဒီတောအုပ်မှာ မိုးခေါင်ခဲ့ရင်
နှောင်နှစ်
ဘယ်ကန္တာရမှာ နှင်းပျောက်လေဦးမလဲ
အတွေးက မိုးလင်းပေါက်တယ်
ဘယ်ကြယ်တွေ ကြွေခဲ့သလဲ သတိမထားမိခဲ့...။ ။


Comments