သစ်ခက်သံလွင်ကဗျာ - အရေးတော်ပုံ B T "ရေဒီယို (၂) "၊ နေလင်း '' စစ်၏ပုံတူ '' ၊ လင်းဝေး '' ခေတ် ''

သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၅၊ ၂၀၂၁

"ရေဒီယို (၂) "
အရေးတော်ပုံ B T

ဒီတိုင်းပြည် လား
ဇင်ဘာဘွေ တို့
မြောက်ကေရီးယမ်းတို့လို ဖြစ်သွားရင် ဖြင့်
မီးကျီ ပြာပုံတွေဖုံးလွှမ်းနေတဲ့ မြေပေါ်မှာ
ဖက်စစ်အာဏာရှင် အလိုတော်ရိ နဲ့ 
သူခိုး ဓားပြအမျိုး အဆွေအပေါင်းတွေ
ဖုံ တထောင်းထောင်းထ သလို
ဝက်ဝက်ကွဲသောင်းကျန်းလာမယ် ဆိုတာ
သေချာတယ် ။ (ဒီထက်သေချာတာမရှိဘူး)

အကုသိုလ်လား
ပျော်စရာပါပဲ
နေ့စဉ်နေ့တိုင်း
ယဉ်ကျေးမှုတခုလို ထွန်းကားလာပါပြီ

အိပ်တန်းတက်တာလား
မနက်မိုးလင်းလာတာလား
ဘယ်ဖက်လမ်းလား
ညာဖက်လမ်းလား
ရပ်- ကြည့် - သတိ နဲ့ ဆက်သွား
အဆင်မသင့်ရင်တော့ များဗျာ
ဆယ်ဘီးကားနဲ့တက်ကြိတ်သလို
ပြားသွားနိုင်တဲ့အခြေအနေမျိုးထဲမှာပါ

"လုပ်သားပြည်သူအပေါင်းတို့ ခင်ဗျာ
များမကြာခင်အချိန်တွင်းမှာ တော့" ...  ဆိုတဲ့
အငွေ့တထောင်းထောင်းထနေတဲ့မျှော်လင့်ချက်တွေကို
ခင်ဗျားတို့
မစွန့်လွှတ်နိုင်ကြသေးဘူးမို့လား

လစ်ဗျားမှာ
တင့်ကားကို ဝိုင်းပြီး
ဓာတ်ဆီပုလင်းများနဲ့ပစ်ဖောက် အာခံ တဲ့
မိန်းမတွေ ရဲ့ 
ရဲရင့်မှုဟာ 
အာဏာရူးတွေရဲ့ ဖင်ဝကို
မီးစ နဲ့ ထိုးလိုက်ထည့်လိုက်တာပဲ

ငုံ ခံ နေသမျှ 
အဖိ အကန် ခံရမယ်
ဓားအိမ်ထဲကဓားကို
ဆွဲ ထုတ် ခုတ်ပိုင်း နိုင်ရင်ဖြင့်
နောက်မျိုးဆက်အတွက်
ဘဝအမှန် ပြန်ရမယ် ။        ။

...

'' စစ်၏ပုံတူ ''
နေလင်း

ရေကိုခြေရာတိုင်းဖို့မတန်ဘူးလို့
ကြာပန်းကပြောတော့
လောကပါလတရားက ဩချ

ပန်းပန်ထားရင်းနွမ်းနေရတဲ့ဗေဒါက
ကျည်လမ်းကြောင်းပေါ်ကတိုင်းပြည်လေးမှာခြေချုပ်မိ

တအိအိပြိုကျနေတော့
သောင်က မြစ်ကို ကောလိုက်တော့မှာ လိုလို

မျှော်လင့်တာနဲ့ယုံကြည်ရာလဲပြိုသွားထဲက
အရှုံးပေးရမှာလားဆိုတဲ့မျက်ရည်ဟာ 
တောခိုသွားခဲ့ပြီ

အဝေးပြေးလမ်းမကြီးရေ
ခရီးဟာ ငါတို့အတွက်ဖြစ်ပြီ။ ။ ။

...

'' ခေတ် ''
လင်းဝေး

မေတ္တာတရားကိုရှာဖွေတိုင်းတာဖို့
ငါတို့တွေ ရေဒါကို အချိန်မရွေးဖွင့်ထားရ
သက်ငြိမ်လောကမှာ
သူဟာအမွန်မြတ်ဆုံးတေးသွားတစ်ပုဒ်။

ဆိုတော့
အသွားမတော်တစ်လှမ်း
အစားမတော်တလုပ်နဲ့မျောချ
ခလုတ်ထိမှ အမိတနဲ့ မျောချ
မင်းကြားလား ငါကြားတယ်
မင်းပြောလား ငါပြောတယ်
မင်းမြင်လား ငါမြင်တယ်
ချိုရှရှ ဝိုင်တစ်ခွက်သောက်သုံးဖို့
အပြန်အလှန်နှုတ်ဆက်ခြင်းယဉ်​​ကျေးမှု​ကို
ကြောင်လက်သည်းလိုဝှက်ထားကြရ
မှောင်းချဓားတစ်ချောင်းနဲ့ ။ ။

Comments